"တိုက်ပွဲတွေရပ်ပြီး မြန်မာပြည်တစ်ဝှမ်း ငြိမ်းချမ်းပါစေ"
လာရောက်လည်ပါတ်ကြသော ဧည့်သည်များအားလုံး ရွှင်လန်းချမ်းမြေ့ပါစေ
လာရောက်လည်ပတ်သူအားလုံးကို ကျေးဇူးတင်လျှက်...မောင်ဖိုးကို

Friday, August 24, 2012

စင်္ကာပူရောက် ညီအစ်ကိုမောင်နှစ်မ နိုင်ငံသားသံတမန်များသို့




Photo: Google Image
စင်္ကာပူနိုင်ငံဟာ ကမ္ဘာမှာထင်ရှားတဲ့နိုင်ငံ တစ်နိုင်ငံဆို တာ အထူးပြောဘွယ်ရာမရှိပါဘူး သယံဇာတဘာမှ မယ်မယ်ရရ မရှိပါဘဲနဲ့ စီးပွါးရေးဖွံ့ဖြိုးမှုကောင်းကောင်းနဲ့ တင့်တယ်နေတဲ့နိုင်ငံပါ  ကမ္ဘာ့ အကောင်းဆုံးလေ ဆိပ် အကောင်းဆုံးဆိပ်ကမ်း အကောင်းဆုံးအစိုးရ အကောင်းဆုံးအုပ်ချုပ်မှု နည်းပညာတတ်ကျွမ်းမှု အမြင့်မားဆုံး ပြည်သူ စတာတွေပိုင်ဆိုင်ထားတဲ့နိုင်ငံပါ
အဲသည်နိုင်ငံမှာဘဲ မြန်မာနိုင်ငံကအင်ဂျင်နီယာတွေ အများဆုံးအလုပ်လုပ်နေကြတာ လူတိုင်းလိုလိုသိကြ ပါတယ်  အင်ဂျင်နီယာတွေရဲ့ဆရာကန်တော့ပွဲတွေကထုတ်တဲ့ လိပ်စာ စာအုပ်တွေမှာကြည့်လိုက်ရင် ၁၉၉၀ မတိုင်မီနှစ်တွေကဆင်းတဲ့အင်ဂျင်နီယာတော်တော်များများသာ မြန်မာပြည်က ဋ္ဌာနဆိုင်ရာအဖွဲ့ အစည်းတွေမှာ အလုပ်လုပ်နေကြတာ တွေ့ရပြီး အဲဒီနောက်ဆင်းတဲ့ အင်ဂျင်နီယာများကတော့ အလုပ် အကိုင် ဆိုတဲ့ နေရာမှာ စင်္ကာပူနိုင်ငံမှာဆိုတာက တော်တော်လေးများတာကို တွေ့ရပြီး ဋ္ဌာနဆိုင်ရာ မှာဝင် လုပ်တဲ့သူ အတော့ကိုနည်း သွားတာတွေ့ရပါတယ် ကျောင်းဆင်းတဲ့သူအရေအတွက်က များပေလို့ သာပေါ့ မဟုတ်လို့ကတော့ ဗမာပြည်မှာ အင်ဂျင်နီယာတောင် ကျန်မယ်မထင်ပါဘူး။

Photo: Wikipedia
စင်္ကာပူသမိုင်းကိုကြည့်ရင် ၁၆ရာစုလောက်ကစတယ်ဆိုပေမဲ့ ၁၉ ရာစုမှာ စင်္ကာပူကို စတည်ထောင်သူဖြစ်တဲ့ Sir Thomas Stamdford Raffles ရောက်တဲ့အချိန်က စတယ်ပြောရမှာပါ
ဗမာပြည်ကိုကြည့်ရင် ပျူခောတ်က ၂ ရာစု၊ ပုဂံခောတ်က ၁၁ ရာစုလောက်၊ အင်းဝ ဟံသာဝတီ ခောတ်က ၁၃ရာ စု၊ တောင်ငူ (တပင်ရွှေထီး ဘုရင့်နောင်) ခောတ်က ၁၆ ရာစု အဲဒီခောတ် ဗမာ့ အင်ပါယာဟာ အရှေ့တောင်အာရှမှာ အကြီးဆုံး အကျယ်ဆုံး ဖြစ်ပြီး အိန္ဒိယအရှေ့ မြောက်က  မဏိပူရ၊ ထိုင်းက အာယုဒ္ဓယ တရုပ်ကရွှေလီ တစ်ဝိုက်နဲ့ လာအိုနိုင်ငံက နယ်မြေတစ်ချို့ ပါဝင်ခဲ့ ပါတယ် မြေပုံကို လေ့လာကြည့် ရင်တွေ့ရပါလိမ့်မယ်။


ကျွန်တော်တို့ပုဂံခောတ် ၁၁ရာစုမှာ စင်္ကာပူဆိုတာမရှိသေးပါဘူး စင်္ကာပူက အစောဆုံးမှ ၁၆ ရာစုကစတာပါ ၁၁ရာစု ပုဂံခောတ် ဗမာတွေရဲ့ ပိသူ့ကာလက်ရာ အနုပညာ ယဉ်ကျေးမှု အဆင့်အတန်းဟာ ဘယ်လောက် မြင့်မားပါတယ်ဆိုတာ ဗမာတိုင်းသိကြမှာပါ ခုချိန်မတော့ စင်္ကာပူဟာ မြန်မာပြည်ထက် အစစအရာရာ သာလွန်နေတယ်ပြောရင်ရပေမဲ့ စာပေ ယဉ်ကျေးမှု အနုပညာမှာတော့ ဘာတစ်ခုမှသာတယ်မထင်ပါဘူး သူတို့မှာ သူတို့စာမရှိပါဘူး သူတို့စကားမရှိပါဘူး ရှေးပိသုကာ ယဉ်ကျေးမှုအမွေအနှစ် ဘာမှမတွေ့ရပါဘူး ဒီဘက်နောက်ပိုင်း အင်္ဂလိပ်ကိုလိုနီအဆောက် အဦတောင် လောက်လောက် လားလားပြစရာမရှိပါဘူး အဲဒီလောက်လောက်လားလား မရှိတဲ့ ကိုလိုနီခောတ် အဆောက်အဦတွေကိုတောင် စည်းမျဉ်း စည်းကမ်း ကောင်းတွေနဲ့ ထိမ်းသိမ်းနေတာကို ချီးကြူးဖွါယ်တွေ့နေရပါတယ် ဒါပေမဲ့ သူတို့ဂီတ တူရိယာပစ္စည်း အဆိုအက ကျွန်တော်သိသလောက် ဘာမှမရှိပါဘူး ရှိခဲ့ရင်တော့ ကျွန်တော့ရဲ့လေ့လာမှု ညံ့ဖျင်းတာ လို့သာဆိုပါရစေ ။

စင်္ကာပူလက်ရှိတိုးတက်နေတာတွေကို မုဒိတာပွါးနိုင်ပါတယ် အတုယူစရာတွေ အများကြီးရှိနေတာကိုလည်း လက်ခံပါတယ် ။

ဒါတွေကိုရေးပြနေရတာကတော့ အတိတ်ကရွှေထီးဆောင်းခဲ့တာတွေကို ပြန်တမ်းတခြင်လို့မဟုတ်ပါဘူး ကိုယ့်သမိုင်း ကိုယ်သိဖို့ ကိုယ့်ယဉ်ကျေးမှုကို ကိုယ်သိဖို့ပါ အဓိကက ကိုယ့်နိုင်ငံအကြောင်းနဲ့ ကိုယ်သွားပြီး အလုပ်လုပ်နေတဲ့နိုင်ငံ အကြောင်းကိုပါ သိအောင်လေ့လာစေခြင်တာပါ လိုအပ်တဲ့အ ခါပြောနိုင် ဆိုနိုင် ရုံသာမက ကိုယ့်နိုင်ငံကို ကိုယ်ဂုဏ်ယူတတ်စေခြင်တာပါ ။

လက်ရှိရုပ်ပိုင်းဆိုင်ရာ တိုးတက်ဖြစ်ထွန်းနေတဲ့ သူများနိုင်ငံကိုကြည့် အားကျ အထင်တွေကြီးပြီ်း ကိုယ်နိုင်ငံ ကိုယ့်လူမျိုး ကိုယ့်အမျိုးသား ယဉ်ကျေးမှုတွေကို ကျတော့တန်ဘိုးထားရကောင်းမှန်မသိ ဂုဏ်ယူ ရကောင်း မှန်း မသိကြတဲ့သူတွေ တော်တော်များများကို ရှိနေကြလို့ပါဘဲ။

စင်္ကာပူမှာအလုပ်လုပ်နေကြတဲ့ ညီအစ်ကို မောင်နှစ်မတစ်တွေအောက်ကစကားသံလေးတွေကို နားထောင် ကြည့်ပါ
·             
     စင်္ကာပူလမ်းတွေကကောင်းမှကောင်း ချောလို့မွေ့လို့
     အဆောက်အဦတွေဆိုလည်းဟိန်းလို့ သန့်လို့ပြန့်လို့ အထပ်မြင့်တွေကလည်းများမှများ
     ရထားဆိုလည်းအချိန်တိကျသလားမပြောနဲ့ အမှိုက်တို့ ကွမ်းတံတွေးတို့ဆိုတာဝေလာဝေး
  ဘတ်စကားတွေဆိုလည်း စီးရတာငြိမ့်လို့ တိုးရတယ်မရှိ အကြွေလည်းမလို စပါယ်ယာနဲ့လည်း ရန်ဖြစ်စရာ မရှိ     
    မြောင်းတွေကလည်းအမှိုက်မရှိ ရေဆိုးရေညစ်တွေလဲမမြင်ရ 
    ရေ မီး ဆိုလည်းပြောစရာမလို
    နာမည်ကျော် Merlion   Santosa ကျွန်း တို့အပြင်
   ကမ္ဘာ့အံ့ဘွယ် Esplande Theater, Flyer, Sky Park ပါတဲ့ Marina Bay Sands, Helix Bridge တို့လည်းရှိတယ်
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
    ဗမာပြည်ကလမ်းတွေများ ချိုင့်တွေခွက်တွေနဲ့ လမျက်နှာပြင်ကျနေတာဘဲ
    အဆောက်အဦတွေကလည်း မှောင်လို့မှိုင်းလို့ ညစ်လိုထေးလို့ အထပ်မြင့်ဆိုတာကလည်းရှာမှရှား
  ရထားဆို အချိန်တိကျဖို့နေနေသာသာ အစီးလိုက်ကိုပျောက်သွားလိုက်သေး အမှိုက်ကဘလပွ   ကွမ်းတံတွေးက ဘလပြစ်နဲ့ ပေလို့ ရေလို့
  အတိုးတက်ဆုံးကတော့ ဘတ်စ်ကား မတိုးဘဲတက်လို့ကတော့အပေါ်ရောက်စရာမရှိ စပယ်ရာနဲ့က တဂျိန်းဂျိန်း ပိုက်ဆံမအမ်းလို့ နောက်မတိုးလို့ နောက်တိုးပြန်တော့ ဆင်းခါနီးတော့ထွက်မရ သုံးတာက ပလပ်စတစ်ပိုက်ဆံ စင်္ကာပူကပလပ်စတစ်ပိုက်ဆံလိုတော့မဟုတ် အပြဲကိုတိတ်နဲ့အပြည့် ကပ်ထားတဲ့ ပလပ်စတစ်ပိုက်ဆံ (ခုတော့အဲလောက်မဆိုးတော့ပါ)
   ရေမြောင်းတွေအစား အမှိုက်မြောင်းတွေ ဖြစ်လို့နေ ရေဆိုးရေညစ်တွေလဲ စင်္ကာပူလိုပါဘဲမမြင်ရ (ဒါပေမဲ့အမှိုက်တွေဖုံးနေလို့)
     ရေကမလာ မီးကပျက်
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
ဒီတော့ စကာင်္ပူဟာ အထင်ကြီးစရာ နေခြင်စရာ နိုင်ငံတစ်ခု အနေနဲ့ပြောကြ ဆိုကြ နေ လည်း နေ နေကြတာ နိုင်ငံသားအဖြစ်လည်း ခံယူနေကြတာတွေကို ဘာမှပြောစရာမရှိပါ ဒါဟာ တစ်ဦး ခြင်း စီရဲ့လွတ်လပ်ခွင့် ဆုံးဖြတ်ခွင့်ပါ ရွေးချယ်ပိုင်ခွင့်ပါ ရေကြည်ရာမြက်နုရာ တစ်ရွာမပြောင်း သူကောင်း မဖြစ်လို့ ဆိုထားတယ် မဟုတ်လား ဒါပေမဲ့လည်း သေခြင်တဲ့ကျား တောပြောင်းဆိုသလိုတော့ မဖြစ်ဖို့ လိုပါတယ်။

သူများနိုင်ငံသားခံလိုက်တော့လည်း နိုင်ငံသားအနေနဲ့ကတော့ စင်္ကာပူနိုင်ငံသားပေါ့ အဲ လူမျိုးက ဘာလဲလို့ မေးရင်တော့နိုင်ငံသား သာပြောင်းလို့ရပေမဲ့ လူမျိုးကပြောင်းမရတော့ ဗမာပေါ့ ဒီတော့ ဗမာဖြစ် တဲ့ ဗမာတစ်ယောက် အနေနဲ့ ကိုယ်နိုင်ငံ မကောင်းတာတွေကိုတော့  စီတန်း ကရားရေလွှတ် တတွတ် တွတ် ပြောနိုင်ပေမဲ့ ကိုယ့်နိုင်ငံကို နှိမ့်ချ တင်တင်စီးစီးပြောလာတဲ့အခါ   ဘာပြန်ပြော လို့ပြောရမှန်းမသိ ပါးစပ်ဟောင်းလောင်းကြီး ခွေးအလှည်နင်း ထားသလို ဖြစ်နေတဲ့ ညီအစ်ကိုမောင်နှစ် မတစ်တွေ တစ်ချို့ကို မြင်နေ ကြားနေ သိနေ ရတာ ခံပြင်းလို့ မဖြစ်သင့်ဘူး လည်းထင်လို့ပါ မကောင်းတာကို စီတန်းပြောနိုင် သလို ကောင်းတာ ဂုဏ်ယူစရာတွေကိုလည်း ဒုတ်ဒုတ်ထိ ချက်ကြလက်ကြပြောနိုင်စေခြင်လို့ပါ။

 ဗုဒ္ဓရဲ့ အဘိဓမ္မာ မြန်မာနိုင်ငံမှာထွန်းလင်းနေတာ သိသလောက် စက်ဝိုင်းပုံအက္ခရာနဲ့စာ ဗမာမှာသာရှိတာ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၆၀၀ လောက်က နိုင်ငံခြား ပညာရှင် မပါဘဲ ဆောက်ထားတဲ့ မီတာ ၁၀၀ လောက်မြင့်တဲ့ မြန်မာ့အထပ်မြင့် ရွှေတိဂုံစေတီတော် ပုဂံကမြန်မာ့ပိသုကာလက်ရာနဲ့ အင်ဂျင်နီယာအတတ်ပညာ အင်းလေးကန် မောင်းမကန် ငပလီ ချောင်းသာ ငွေဆောင် ကမ်းခြေ  ချင်းတောင် ရှမ်းပြည် စသည်တို့ရဲ့ သဘာဝအလှများ အံ့ဘွယ်ကျိုက်ထီးရိုးဘုရား ပုဂံနံရံဆေးပန်းချီများ မြန်မာ့ဆိုင်းဝိုင်း ၄ သံတီးလို့ရတယ် ဆိုတဲ့ မြန်မာ့စောင်း ဆိုတာတွေဟာ " အမိနိုင်ငံအတွက် ဂုဏ်ယူ စရာတွေပါ "  အများကြီးကျန်အုန်းမှာပါ။

မြန်မာ့စောင်းဆိုလို့ အမေလူထုဒေါ်အမာ ပြောတဲ့ စကားကိုမျှဝေ ပေးခြင်ပါတယ် ဂီတမှာ သာယာမှုကို အဓိကထားတဲ့ဂီတနဲ့ ယဉ်ကျးမှုကိုအဓိက ထားတဲ့ဂီတရယ်လို့ ရှိကြောင်း မြန်မာ့စောင်းဟာ ယဉ်ကျေးမှုကို အဓိကထားတဲ့ ဂီတဖြစ်ကြောင်း အင်္ဂလိပ်လို Classic လို့သတ်မှတ်ကြောင်း ပညာနားမရှိရင် နားထောင်ရာမှာ အေးတေးခြောက်တောက် ကြီးဖြစ်နေတတ်ကြောင်း ၄ သံတီးလို့ရလို့ အလွန်အဆင့် မြင့်ကြောင်းကို အမေရေးတဲ့ " မြန်မာ့မဟာဂီတ " မှာ ရှင်းလင်းပြောပြထားတာ တွေကိုမှတ်သားမိပါတယ်
ဒီတော့ ဗမာတစ်ယောက်အနေနဲ ကိုယ့်နိုင်ငံရဲ့ စာပေ ဂီတ အနုပညာ အစရှိတဲ့ ယဉ်ကျေးမှုဆိုင် ရာတွေနဲ့ပါတ် သက်ပြီးဖြစ်စေ နိုင်ငံ့ရဲ့ အလှအပတွေနဲ့ပါတ်သက်၍ဘဲဖြစ်စေ  ရှာဖွေမှတ်သားမယ်ဆိုရင် ဂုဏ်ယူစရာတွေ တပုံတစ်ပင်ကြီးကိုရှိနေ တယ်ဆိုတာပါဘဲ။

အထက်မှာဆိုခဲ့တဲ့ တိုက်တွေ တာတွေ လမ်းတွေ လျှပ်စစ်မီးတွေ ရထားတွေ ကားတွေ စင်္ကာပူမှာ ရှိတဲ့ကမ္ဘာ့ အံ့ဘွယ်လို့ဆိုတဲ့ Esplande Theater, Flyer, Sky Park နဲ့ Helix Bridge ဆိုတာတွေက တိုင်းပြည် လမ်းကြောင်းမှန်ကို ရောက်လာပြီး စီးပွါး တိုးတက်လာရင်  ချက်ခြင်းဖြစ်လို့ရပေမဲ့ ယဉ်ကျေးမှု ဆိုတဲ့ စာပေ ဂီတ အနုပညာဆိုတာတွေ ကိုတော့ ပိုက်ဆံရှိတာနဲ့ ခုဖြစ်ဆိုပြီး ချက်ခြင်းဖြစ်ခြင်လို့ လုံးဝဖြစ်မရနိုင်ပါဘူး။

နိုင်ငံရဲ့ သံတမန်ဆိုတာ သံရုံးများမှာတာဝန်ထမ်းဆောင်နေတဲ့ ၀န်ထမ်းများသာမက နိုင်ငံ အသီးသီး မှာရောက်နေသူတွေ အလုပ်လုပ်နေတဲ့သူတွေ အားလုံးပါတယ်ဆိုတာ ညီအစ် ကိုမောင်နှစ်မ တစ်တွေ အားလုံးလည်း သိပြီးဖြစ်ကြမှာပါ  ဒီတော့သာမာန်ပြည်သူ တစ်ယောက်အမြင် နဲ့ မေ့လျှော့နေတာတွေ မမေ့ရလေအောင် သိသင့်တာတွေ သိထားရလေအောင် လေ့လာထားသင့်တာတွေ လေ့လာထား ရလေအောင် စင်္ကာပူမှာက ညီအစ် ကိုမောင်နှစ်မတော်တော် များများရောက်ရှိ အလုပ်လုပ်နေကြတာမို့ စင်္ကာပူရောက်ညီအစ်ကိုမောင်နှစ်မနိုင်ငံသားသံတမန်များ ခေါင်းစဉ်တပ်ပြီး မဖြစ်စလောက် ဗဟုသုလေး နဲ့ ရေး လိုက်ခြင်းသာ ဖြစ်ကြောင်းပါ။

အမိနိုင်ငံရဲ့ ဂုဏ်ယူစရာတွေကို ရှာဖွေလေ့လာမှတ်သားကြပြီး ဂုဏ်ယူကြစမ်းပါဗျာ။

No comments: