"တိုက်ပွဲတွေရပ်ပြီး မြန်မာပြည်တစ်ဝှမ်း ငြိမ်းချမ်းပါစေ"
လာရောက်လည်ပါတ်ကြသော ဧည့်သည်များအားလုံး ရွှင်လန်းချမ်းမြေ့ပါစေ
လာရောက်လည်ပတ်သူအားလုံးကို ကျေးဇူးတင်လျှက်...မောင်ဖိုးကို

Friday, April 14, 2017

အတိတ်လွင်ပြင်ကိုဖြတ်သန်းတိုက်ခတ်လာသော (၂) "သင်္ကြန်"

"သင်္ကြန်"



အတိတ်လွင်ပြင်ကိုဖြတ်သန်းတိုက်ခတ်လာသော”ဆိုတာကကတော့ ဆရာငြိမ်းကော်ျရဲ့ ၀တ္ထုနာမယ် တစ်ပိုင်းတစ်စဖြစ်ပါတယ် အချိန်ကာလတစ်ခု ပွဲတစ်ခု အဖြစ်အပျက်တစ်ခုနဲ့ ကြုံတဲ့အခါ ဟိုးအတိတ်က အကြောင်းအရာ လူပုဂ္ဂိုလ် အဖြစ်အပျက်တွေကိုသတိရတိုင်း ခေါင်းထဲရောက်ရောက်လာတဲ့ စာသားလေးပါ။ တကယ်ဆရာ့ရဲ့ ၀တ္ထုနံမယ်ကတော့ “ အတိတ်လွင်ပြင်ကိုဖြတ်သန်းတိုက်ခတ်လာသော အကြင်နာမျက်နှာစိမ်း” ပါ။

ငယ်စဉ်ကကြိုက်နှစ်သက်ခဲ့ရတဲ့အရေးကောင်းလှတဲ့ စာရေးဆရာတစ်ဦးဖြစ်တဲ့အပြင် ၀တ္ထုနာမယ်အရှည်တွေကို လှလှပပ အဓိပ္ပါယ်ရှိရှိ ပေးတဲ့နေရာမှာကျွမ်းကျင်လှတဲ့ဆရာတစ်ဦးလည်းဖြစ်ပါတယ်။ မှတ်မှတ်သားသားရှိနေတဲ့ဆရာ့ရဲ့ ၀တ္ထုနာမယ်တွေကတော့ “နှလုံးသားမြို့ဟောင်းတူးဖေါ်ချက် နောက်ဆုံးအစီရင်ခံစာ” “ပဉ္စမမြောက် သမ္မာကျမ်းစာသစ်၏ အမိန့်တော်ပြန်တမ်း” “ခုတော့လည်းတစိမ်းတွေလိုပါဘဲလား” နဲ့ “ အတိတ်လွင်ပြင်ကိုဖြတ်သန်းတိုက်ခတ်လာသော အကြင်နာမျက်နှာစိမ်း”ဆိုတာတွေဟာ မှတ်မှတ်ထင်ထင်ရှိလှပါတယ်။ လွန်ခဲ့ပြီးဖြစ်တဲ့ ဟိုးအတိတ်က အကြောင်းတွေကိုသတိရတိုင်း ဆရာရဲ့ ဒီဝတ္ထုနာမယ်က ခေါင်းထဲရောက်ရောက်လာတတ်တာရယ် ဒီနံမယ်ကိုသဘောကျနှစ်သက်လွန်းတာရယ်မို့လည်း ဆရာ့ဝတ္ထုနာမယ်တစ်ပိုင်းတစ်စယူသုံးပြီးခေါင်းစဉ်တပ်လိုက်တာပါ။

နှစ်တိုင်းနှစ်တိုင်း ဧပြီလ မြန်မာလိုတန်ခူးလရောက်ပြီဆိုတာနဲ့ သင်္ကြန်အငွေ့အသက်တွေကို ခံစားရ ကြားရ မြင်ရလာတော့တာပါ။ မြန်မာတို့ရဲ့နှစ်သစ်ကူးပွဲမို့လည်း မြန်မာတိုင်း ဘယ်နေရာရောက်နေပါစေ ဘယ်နိုင်ငံသားဘဲခံယူထားကြပါစေ သင်္ကြန်အငွေ့အသက် အသံတွေကြားတာနဲ့အားလုံးလို တက်တက်ကြွကြွ လန်းလန်းဆန်းဆန်းဖြစ်လာကြတာကတော့မဆန်းလှပါဘူး။ ငယ်တဲ့သူတွေကလည်းငယ်တဲ့အလျှောက် ကြီးတဲ့သူတွေကလညှ်းကြီးတဲ့အလျှောက် ပျော်မယ်ပါးမယ် လည်မယ်ပါတ်မယ် အနားယူမယ် လှူမယ်တန်းမယ် တရာဘာဝနာပွါးများအားထုတ်ကြမယ်ပေါ့

ခုအချိန်မတော့ အသက်အရွယ်ရလာတာနဲ့အမျှ ဒီလိုအချိန်ရောက်တိုင်း သင်္ကြန်နဲ့ပါတ်သက်ပြီး ဟိုးအတိတ် ငယ်ရွယ်စဉ်က ပြုံးစရာ ရယ်စရာ ပျော်စရာ လွမ်းမောစရာလေးတွေ ဟိုတစ ဒီတစ ပေါ်ပေါ်လာတာမို့ “အတိတ်လွင်ပြင်ကို ဖြတ်သန်းတိုက်ခတ်လာသော” သင်္ကြန် လို့ဆိုပြီးရေးဖြစ်တယ်ဆိုပါတော့။

သတိတရရှိလှတဲ့အကြောင်းအရာတွေထဲက ရှေးအကျဆုံးလို့ပြောရမဲ့အကြောင်းကတော့ ကျောင်းစနေတဲ့အရွယ် သူငယ်တန်းလောက်ကထင်ရဲ့ ဖခင်ဖြစ်သူတပ်မတော်မှာတာဝန်ကျရာ ရှမ်းပြည် ကွတ်ခိုင်မှာနေခဲ့စဉ်ကပါ။ သင်္ကြန်ကျတော့မှာမို့ ရေဆော့ဖို့ မိဘတွေက ရေပြွတ်တစ်လက်ဝယ်ပေးပါတယ်။ အဲဒီအချိန်ကရေပြွတ်ဆိုတာက သံဖြူနဲ့လုပ်ထားတာဖြစ်ပြီး လုံးပါတ်က တစ်လက်မသာသာလောက်ရှိတယ်ထင်ပါတယ် နောက်မှာကထိုးတံပါပြီး ရေစုပ်ဖို့ ရေပက်လို့ရဖို့အတွက် အဲဒီထိုးတံထိပ်မှာ ၀ါရှာအနေနဲ့ တစ်လက်မလောက်အပြားရှိတဲ့အ၀တ်စကို ထိုးတံထိပ်မှာ ရေပြွတ်အလုံးသာသာလောက်ရအောင် အထပ်ထပ် ရစ်ပြီး ချည်ထားရတာပါ။ ဒါမှလည်းရေစုပ်လို့ရပြီးရေပန်းထွက်အောင်လည်းပက်လို့ရမှာပါ။ အဲဒီအချိန်ရန်ကုန်မှာတော့ ကြေးပြွတ်တွေသုံးနေကြပြီထင်ပါတယ်။ နယ်မြို့မှာတော့ကြေးပြွတ်သုံးတာမမြင်ဘူးပါလို့ဘဲပြောရမှာပါ။ အိမ်ကဈေးကြီးလို့ ၀ယ်မပေးတာလည်းဖြစ်နိုင်ပါတယ်။

အကြိုနေ့လို့မှတ်မိနေပါတယ် အဲဒီအချိန်လောက်ကအကြိုနေ့တွေမှာတစ်ချို့နေရာတွေရေမပက်ကြပါဘူး အကျနေ့မှစပက်ကြတာပါ။ ရေပြွတ်ကလည်းရပြီးပြီမို့ အားလုံးလည်းပြင်ဆင်ပြီးပြီ စမ်းလည်းစမ်းပြီးပြီ ရေလည်းအဝေးကြီး ရောက်တာမို့ အတော်လည်း ကိုယ့်ရေပြွတ်ကိုသဘောအကျကြီးကျနေပြီ ရေကလည်းပက်ခြင်လှပြီ ဒါပေမဲ့ တစ်ညအိပ်ပြီး နောက်နေ့ “အကျနေ့” မှ ရေကပက်ရမှာမို့ စိတ်ထဲမှာမရိုးမရွ ဖြစ်နေပြီး ရေဘယ်လိုပက်ရမလဲဆိုတာဘဲ တွေးနေမိတယ်ဆိုပါတော့။ ရေမပက်ရသေးတဲ့နေ့ဖြစ်တဲ့အပြင် ကိုယ်တိုင်က ကလေးအရွယ်မို့ လင်းလင်းထင်းထင်း အချိန် ဘယ်သူမှလည်းသွားမပက်ရဲဘူးလေ။ အဲဒီတုန်းက တပ်ထဲကအိမ်တွေက မြေကြီးအထက် သုံးပေလောက်မြှင့်ဆောက်ထားတော့ ကလေးတွေအိမ်အောက်မှာကစားလို့ရကြပါတယ်။ ဒါနဲ့ညလည်းရောက်ရော အိမ်နီးခြင်းအိမ်တစ်အိမ်အောက်ကိုသွား ကြမ်းခင်း သစ်သာနှစ်ခုကြားကနေလူအလာစောင့်င်္ပြီး လာတာနဲ့ ရေပြွတ်ကိုအသားကုန်ပန်းထည့်ပြီး အိမ်ကိုပြန်ပြေးလာခဲ့တာ နောက်မှာတော့ “ဟဲ့ ဘယ်ကကလေး ညဖက်ကြီးကြမ်းကြားကနေရေလာပက်နေတာလဲ”ဆိုတဲ့အသံကြားလိုက်ရတယ်ထင်တာဘဲ အဲဒီနေ့ကစပြီးအဲဒီအိမ်ဖက်ကို ခြေဦးတောင်မလှည်ြ့ဖစ်တော့ပါဘူး အစောဆုံး သင်္ကြန်အမှတ်တရပါ။

အဲဒီနောက်သင်္ကြန်တွေကတော့ မှတ်မှတ်ထင်ထင်မရှိလှပါဘူး ဖခင်ဖြစ်သူလည်းတပ်မတော်ကအငြိမ်းစား ယူပြီးမိသားစုရန်ကုန် စမ်းချောင်းမှာ အခြချနေထိုင်တဲ့အချိန်မှာ ပထမဆုံး သင်္ကြန်ကားနဲ့လည်တာကိုတော့ တိတိ ပပကိုမှတ်မိနေပါတယ်။ မျက်နှာခြင်းဆိုင်အိမ်က သူငယ်ချင်း လှသိန်း(မြကြီး) နဲ့လည်ဖြစ်တာပါ ခုတော့ သူမရှိရှာတော့ပါဘူးကွယ်လွန်သွားခဲ့ပါပြီ။ အချိန်က ဗိုလ်ချုပ်ကြီးနေ၀င်းဦးဆောင်တဲ့ တော်လှန်ရေးကောင်းစီ လက်ထက်ပါ ၁၉၆၆-၆၇ လောက် ရှစ်တန်းကျောင်းသားအရွယ်လောက်လို့ထင်ရပါတယ်။ သင်္ကြန်သံချပ်တွေ အားကောင်းတဲ့အချိန်လို့ဆိုရပါမယ်။ ပါလီမန်ဒီမိုကရေစီခောတ် နိုင်ငံရေးအငွေ့အသက်တွေ လွတ်လပ်မှုတွေ ကျန်နေသေးတဲ့အချိန်လို့ဆိုရပါတယ်။ အဲဒီအချိန်ကလည်တဲ့သူတွေက ကားတွေမှာဘောင်တွေတပ် နံမယ်တွေရေးပြီးလည်ကြပါတယ် တစ်ယောက်ကိုဘယ်လောက် အကြိုနေ့ ကိုပဲခူးသွာမယ် ပုဆိုးပေးမယ် ထမင်မနက်စာကြွေးမယ် စသဖြင့်ပေါ့။ တစ်ယောက်မှ ၁၅ ကျပ် ၂၀ လောက်ဘဲပေးရတာပါ။ ဒေါံဂျစ်ကားနဲ့လည်ရတာပါ။ အဲဂျစ်ကားနဲ့ဆိုရင်တော့ ကျပ် ၃၀ ပေးရပါတယ် လူလည်းနည်းတာပေါ့လေ။ ပထမဆုံးလည်ဖြစ်တဲ့သင်္ကြန်အဖွဲနံမယ်က “ပိတောက်တစ္ဆေ”လို့မှတ်မိနေပါတယ်။ ခေါင်းဆောင်လုပ်တဲ့သူတွေကတော့ အသက် (၂၅) (၃၀) လောက်ရှိကြမှာပေါ့လေ။ မှတ်မိနေတာက သူတို့တွေအားလုံးက နိုင်ငံရေးသမားတွေ လို့ပြောရပါမယ်။ သံကြပ်တွေ စပ်ပြီးထိုးကြပေမဲ့ဝင်ပြိုင်တာတော့မရှိပါဘူး ရေပက်တဲ့ မဏ္ဍပ်တွေမှာဘဲ သံကြပ်တိုင်ပြကြတာဖြစ်ပါတယ် မှတ်မိနေသေးတဲ့ သံကြပ်တစ်ပိုင်းတစ်စကတော့ “အထည်မပေးတာ ပပက ကြားကြရဲ့လား ဘာတွေတုန်း” ဆိုတာပါဘဲ။ ပပက ဆိုတာကတော့ ပြည်သူ့ပစ္စည်းကော်ပိုရေးရှင်း လို့ခေါ်ပါတယ်။ ဆီ ဆန် ဆား ကအစ အ၀တ်အထည် လူသုံးကုန် ကျောင်းစာအုပ်အားလုံးဖြန့်ချီတဲ့ကော်ပိုရေးရှင်းပါ။ ပြည်သူတွေထဲမှာဖြစ်ပျက်နေတာတွေကို မီးမောင်းထိုးပေးတဲ့သံကြပ်တွေလို့မှတ်မိနေပါတယ်။ “ပိတောက်တစ္ဆေ” ဆိုတဲ့နံမယ်ကိုတော့ ခုထိချစ်ခင်နှစ်သက် သဘောကျ လွမ်းဆွတ်နေဆဲပါ။

၁၉၇၁-၇၂ ခုနှစ် စက်မှုတက္ကသိုလ် ဒုတိယနှစ်ကျောင်းသား ဘ၀လောက်ကျတော့ လူလည်းအရွယ်ရောက်လာပြီမို့ သူငယ်ချင်းတွေစုပြီး ကိုယ်တိုင်ပို့စကတ်ထုတ် ရပ်ကွက်တကာ လိုက်ရောင်းငွေရှာပြီးလည်ခဲ့တာကို မှတ်မိနေပါတယ်။ အဲဒီပို့စကတ်ပုံက ပုဂံခောတ် လောက်က၀တ်စားဆင်ယင်မှုနဲ့ အမျိုးသ္မီးငယ်ကိုအမျိုးသားက သပြေခက်နဲ့ရေပက်နေတဲ့ပုံပါ။ ဆွဲပေးတဲ့ပန်းချီဆရာကတော့ အတန်းဖေါ် လှသိန်းပါ သူကတော့ကျောင်းပြီးတဲ့နောက် အမေရိကားထွက်သွားတယ်ကြားရပီး တစ်ခါမှပြန်မတွေ့ဖြစ်ကြတော့ပါဘူး။ အဲဒီပို့စကတ်တွေကို ရေကျော်မြောင်းကြီးလမ်း အာခီတက်ပြေားသွားတဲ့ ကဗျာဆရာ ဆန်းညွန့်(မောင်ညိုငယ်) နေတဲ့လမ်းက ပုံနှိပ်စက် မှာအပ်တာကိုမှတ်မိနေပါတယ်။ ဆန်းညွန့်လည်းမရှိရှာတော့ပါဘူး ကွယ်လွန်သွားခဲ့ပါပြီ။

အဲဒီနောက်မတော့ကျောင်းပြီးလို့ လုပ်ငန်းခွင်ထဲရောက်တဲ့အချိန်မတော့ တစ်လမ်းတည်းသား ပန်ချီ အိပ်ခ်ျတိုး(လှတိုး)ကတစ်ဆင့်ရေကျော်ကမောင်မောင်တို့နဲ့သူငယ်ချင်းတွေဖြစ်ပြီး သင်္ကြန်လည်ဖြစ်ကြပါတယ်။ ၀င်ငွေကလေးရလာတဲ့အချိန် လူလည်း (၃၀)န်းကျင်တွေမို့ ဘယ်ပြောကောင်းမတုန်း ကားပေါ်ပုလင်းအပြည့်နဲ့လည်ရင်းသောက် သောက်ရင်းလည်ကြာပေါ့လေ။ အဲအချိန်က စားသောက်ဆိုင်တွေမှာမိန်းကလေးစားပွဲထိုးတွေထားတဲ့ခောတ်ပေါ့ နေ့လည်စာသွားစားရင်းနားကြတဲ့အချိန် နာမယ်မေးလို့ “ကိုကို” တို့ “မောင်မောင်” တို့ပြောလိုက်တိုင်း ဘယ်မိန်ကလေးကမှမယုံတာကိုမှတ်မိနေပါတယ်။ အဲဒီတုန်းက ကားပေါ်မှာ ဂျော်နီနှစ်ယောက်ပါပါတယ် တစ်ယောက်ကကားမောင်းတဲ့သူ နောက်တစ်ယောက် ဂျေ်နီကတော့ (ခင်ဇော်ထွန်း) ပါ နှစ်ယောက်လုံးမရှိကြတော့ပါဘူး။ မနက်လူလိုက်ခေါ် လူစုံတဲ့အချိန်က ထမင်းစားချိန်ရောက် မှောက်တဲ့သူကမှောက် မှောက်တဲ့သူတွေပို့ ထမင်းစားရင်းသောက် ဟိုဟိုဒီဒီခဏလည် အားလုံးပြန်ပို့ တာနဲ့ဘဲအချိန် ကုန်ကုန်သွားတတ်ပါတယ်။ အဲဒီခောတ်နေ့လည် လည်ကြပတ်ကြတဲ့သူတွေဗမာထမင်းစားကြမယ်ဆိုရင်ကတော့ စမ်းချောင်းက “ချိုပြုံး” ထမင်းဆိုင်ပါ အရမ်းကိုနာမည်ကြီးပြီး “ချိုပြုံး” ထမင်းဆိုင်ခောတ်ရှိခဲ့တယ်လို့တောင်ပြောရမှာပါ။

ထမင်းဆိုင်ချိုပြုံးနာမည်ကြီးသလို ရေပက်တဲ့မဏ္ဍပ်တွေထဲမှာဆို “ပူတူတူလေး” မဏ္ဍပ်ကလည်းနာမယ်ကြီးပါတယ် အကြောင်းကတော့ ရေများများ ရေအားပြင်းပြင်းနဲ့ပက်နိုင်လို့ လို့ထင်တာဘဲ။ တနှစ်မတော့ တနေကုန် တမြို့လုံး သန့်တဲ့ရေရော မသန့်တာရော ဖြူတာ ၀ါတာ နောက်တာ ကြည်တာ ရေမျိုးစုံအောင် အပက်ခံထားတာရယ် သောက်စားထားတာ တွေရယ်ကြောင့် ကားပေါ်ကလူတွေအားလုံးလည်းညစ်ပေနေတာကြောင့် ဘယ်သူအကြံပေးတယ်မသိ ဆပ်ပြာဝယ် အားလုံးဆပ်ပြာတိုက် အမြှုပ်တွေ တဖွေးဖွေးထကာမှ ပူတူတူလေး မဏ္ဍပ်မှာရေသွားအပက်ခံရင်းရေချိုးလိုက်ကြတယ်လေ။ ပူတူတူးလေးကတော့ ထုံးစံရေအားကောင်းကောင်းနဲ့ပက်လိုက်ကြတော့ကားပေါ်ကလူအားလုံ ရေချိုးသန့်စင်ပြီးသားဖြစ်သွာကြတာပေါ့ အိုင်ဒီယာကောင်းတယ် ဆိုပြီး အားလုံပျော်ကြရွှင်ကြလို့ပေါ့။ အဲလိုဘဲနောက်တစ်နေ့ပြန်ခါနီးတော့လည်း ဆပ်ပြာတွေတိုက်သွားကြပြန်တာပေါ့လေ ဒီတစ်ကြိမ်ကျတော့ ပူတူတူးလေးက ရေလုံးဝမပက်ကြဘဲ ဆန္ဒပြလွှတ်လိုက်လို့ ဆပ်ပြာအဖွေးသားနဲ့ ပြန်ကြရလို့ လမ်းမှာကလေးတွေ ဟိုနည်းနည်း ဒီနည်းနည်းပက်တဲ့ရေနဲ့ဆပ်ပြာတွေပြောင်အောင်ဆေးလိုက်ကြရတာကလည်းမမေ့နိုင်စရာပါ။ ပူတူတူးလေး မဏ္ဍပ်ကတော့ ဂျိုတီ(သီဟ)ရုပ်ရှင်ရုံဝင်းကျင်လောက်မဟာဗန္ဓုလလမ်းပေါ်မှာလို့ပဲထင်ပါတယ်။

မေ့လို့မရတဲ့တနှစ်လည်းရှိခဲ့ဘူးပါသေးတယ် သူငယ်ချင်းတွေ အများကြီး မဟုတ် လေးငါးယောက်လောက်ဘဲထင်ပါတယ် လည်တာကလည်းတစ်ရက်တည်းလို့မှတ်မိနေပါတယ် အတက်နေ့ထင်ပါရဲ့ ခင်ဇော်ထွန်း မင်းဇံ ရဲထွဋ် လေးယောက်ထဲထင်ပါတယ် ထုံးစံအတိုင်း သောက်ကြစားကြပြီးလည်ကြတာပေါ့ ဒါပေမဲ့အဲဒီအချိန်က ခင်ဇော်ထွန်းက အသောက်ရပ်ထားတဲ့အချိန်ပါ တခြားအချိန်တွေမှာတော့သူ့ကိုသောက်ဖို့ မတိုက်တွန်းကြပေမဲ့ သင်္ကြန်ဆိုတော့ အားလုံပျော်နေကြတာရယ်မို့ သူ့ကိုသောက်ဖို့ဝိုင်းတိုက်တွန်းဖြစ်ကြပါတယ် သူလည်းပထမတောက်ငြင်းနေပြီး ငြင်းမရတဲ့အဆုံးမတော့ ပုလင်းလိုက်ကိုမော့ချလိုက်တာ မူးယုံမကမှောက်သွားပြီး လူမှန်းသူမှန်းတောင်မသိတဲ့အခြေအနေရောက်သွာတော့တာပါဘဲ အားလုံးလည်းမူးနေကြတာတောင် အတူလည်ဖို့ဆိုပြီး မင်းမနိုင်က လေဒီလေးတွေ သွားခေါ်ကြသေးတယ် ဘယ်လေဒီကလိုက်ရဲပါ့မလဲ ဒီလောက်မူးပေနေကြတာ။ နောက်ဆုံးမတော့ ခင်ဇော်ထွန်းကိုပြန်ပို့ လူမှန်းကိုမသိတာမို့ အိမ်ရောက်တော့ရေတွေသုတ် အ၀တ်အစားတွေလဲပေး ရတာပေါ့။ သူ့အမေခမျာမှာလည်း မသောက်တော့တဲ့သား အလွန်အကျွံမူးပြန်လာ ဒီသူငယ်ချင်းတွေနဲ့ဆိုတော့လည်း ပြောရခက်ဆိုရခက် စိတ်တွေမကောင်းဖြစ်နေတာမို့ ခင်ဇော်ထွန်းကမသောက်ဘူးဆိုတာကို အတင်းသောက်ခိုင်းလို့ဖြစ်ရတာပါဆိုတာကိုပြောပြပြိး ထိုင်ကန်တော့တောင်းပန်တဲ့အခါ “ရပါတယ်သားတို့ရယ်ဆိုပြီး နောင်ကို ဆင်ဆင်ခြင်ခြင်လည်ကြပါတ်ကြဖို့” ဆုံးမစကားဆိုခဲ့တာကတော့ မေ့မရနိုင်ခဲ့တွဲှ့ညဖစ်အပျက်တခုပါဘဲ။

အတိတ်ကိုဖြတ်တိုက်လာတဲ့လေမို့ အတိတ်ရဲ့ အနံ့ အသက် အငွေ့ တွေဟာ တစ်ချို့ကခပ်ပြင်းပြင်း တစ်ချို့က ခပ်ပြပြ တစ်ချို့ကပြိုးပြိုးပျက်ပျက်လိုးလိုးလက်လက် တစ်ချို့က ၀ိုးတိုးတိုး ၀ါးတားတားနဲ့ ပြုံးစရာ ရယ်စရာ ပျော်စရာ လွမ်းမောစရာလေးတွေ သတိရတမ်းတစရာ သတိပြုစရာ တွေအနေနဲ့.....










မောင်ဖိုးကို (၂၀၁၄ခုနှစ် ဧပြီလ(၁၄) သင်္ကြန်အကျနေ့)