"တိုက်ပွဲတွေရပ်ပြီး မြန်မာပြည်တစ်ဝှမ်း ငြိမ်းချမ်းပါစေ"
လာရောက်လည်ပါတ်ကြသော ဧည့်သည်များအားလုံး ရွှင်လန်းချမ်းမြေ့ပါစေ
လာရောက်လည်ပတ်သူအားလုံးကို ကျေးဇူးတင်လျှက်...မောင်ဖိုးကို

Monday, February 25, 2013

ဧည့်သည်ကြီး (တင်မိုး)


“ဧည့်သည်ကြီး”
  
ဆေးလိပ်လည်းတို 
နလည်းညိုပြီ
ငါ့ကိုအိမ်ပြန်ပို့ကြပါလေ 
      
        တင်မိုး             

ဒီကဗျာလေးကိုတော့မှတ်မိကြတဲ့သူ တော်တော်လေး များတယ်။ စိတ်လဲ ၀င်စားကြ တယ်။ ကဗျာရဲ့ အဓိပ္ပာယ် ဘာလဲလို့ မေးခွန်းတွေ ခဏခဏမေးကြတယ်။ ကျနော်ကလဲ မဖြေတတ်ဘူး။ ဒီကဗျာ ရေးမိပုံ ကလေးကို ပြောပါရစေအုံး။

၁၉၅၉ခုနှစ်ဆန်းပိုင်းကကဗျာဆရာဝင်းကြွယ်ရယ် ဆရာမောင်စွမ်းရည်ရယ် မုံရွာချောင်းဦးသား မောင်စော လွင်(အခုရှေ့နေကြီး)ရယ်၊ ရေစကြိုသားကိုတင်အောင် (မန္တလေးမျိုးညွန့် ကြက်ခြံ) ရယ်၊ ကျနော်ရယ် မန္တလေးမီးရထားဘူတာဝင်းအရှေ့ဘက် ဟော်ကုန်းရပ်ကွက်ထဲမှာ အိမ်ခန်းငှားပြီးနေကြ တယ်။ အဲဒီတုန်း က ကျနော်တို့တတွေဟာ မန္တလေးတက္ကသိုလ်မှာ စာသင်နေကြတဲ့ကျောင်း သားတွေပေါ့။

ကျနော်တို့နေတဲ့အိပ်ခန်းကနှစ်ထပ်အိမ်အပေါ်ထပ်မှာ၊  အောက်ထပ်မှာကမန္တလေးဆေးတက္ကသိုလ်က ဆေးကျောင်းသားတွေနေကြတယ် မြင်းခြံသားထွန်းကြည်တို့ ညွန့်ဦးတို့တတွေ အခုတော့မန္တလေးက ဆရာဝန်ကြီးတွေဖြစ်နေကြပြီထင်ပါရဲ့။

ကျောင်းတက်တယ်ဆိုပေမယ့် မှန်မှန်မတက်ဖြစ်ပါဘူး ကျောင်းဘက်သွားပြီး သူငယ်ချင်းတွေနဲ့ လက်ဖက် ရည်ဆိုင်ထိုင်၊ စကားတွေပြော ဒါလောက်ပါပဲ အဲဒီတုန်းက ကဗျာဆရာဝင်းကြွယ် (အခုသင်္ဘောကပ္ပတိန် ခင်မောင်ဝင်း)က မန္တလေးတက္ကသိုလ် နှစ်ပတ်လည်မဂ္ဂဇင်းအတွင်းရေးမှူး၊ ကျနော်ကလဲ ဖန်မီးအိမ်ကဗျာ စာအုပ်ထုတ်ဖို့ ပြင်ဆင်နေတုန်းမို့ ၀င်းကြွယ်က ပုံနှိပ်တိုက်၊ ဘလောက် တိုက်နဲ့ဆိုင်တဲ့အကူအညီပေးတယ် သူငယ်ချင်းမောင်သိန်းနိုင် (ဂုဏ်ထူးဦးသိန်းနိုင်)က ရွှေမန်းတက္ကသိုလ်ဝင်းကျောင်းဘော်ဒါဆောင်မှာနေ တယ်။ စိန်မြင့်(မောင်မိုးသူ)က နှစ်လည်မဂ္ဂဇင်း အယ်ဒီတာ၊ သူကမန္တလေး ဥယျာဉ်တန်း မှာနေတယ်။ ကြည်အောင်က အင်းဝနဲ့မန္တလေး ယိုးဒယား ဈေးနားကသူ့အမကြီးအိမ်မှာတလှည့်စီနေ တယ်။ကျနော် တို့ ဟော်ကုန်းလမ်း(ဆေးရုံကြီးတောင်ဘက်) မှာကဗျာဆရာမျိုးမြင့်ဆွေ(ပန်းချီဆရာ ကိုမြသောင်း)နေ တယ်။

ကျနော်တို့ရဲ့ဟော်ကုန်းရပ်ကွက်ကအိမ်မှာ သူငယ်ချင်းတွေမကြာခဏအလည်လာကြတယ်။ သူငယ် ချင်း အပေါင်းအသင်းတွေ ၀င်လိုက်၊ ထွက်လိုက်နဲ့ သိပ်ပျော်စရာကောင်းတာပဲ။

တနေ့တော့ အင်းဝက ကဗျာဆရာကြည်အောင် မနက်ကထဲကရောက်လာတယ်။ အိမ်မှာလဲ ဘယ်သူ မှမရှိ ကျောင်းဘက်ထွက်သွားကြတယ်ထင်ပါရဲ့ ကျနော်တယောက်ထဲ ကျန်ရစ်နေခဲ့တယ် ကျနော်နဲ့ ကြည်အောင်နှစ်ယောက်သား စကားတပြောပြောနဲ့ ကြည်နူးလို့မဆုံး။ စာအကြောင်း၊ ကဗျာအကြောင်း ရုပ်ရှင်အကြောင်း၊ အကြောင်းတွေစုံလို့။

ဆေးလိပ်ပြာခွက်ထဲမှာ နဂါးစပယ်ရှယ်ဆေးပေါ့လိပ်တိုတွေလည်း တပုံကြီးဖြစ်နေပြီ။ သူတပိုဒ်၊ ကိုယ်တပိုဒ် တလှည့်စီ ကဗျာစပ်ထားတဲ့ ဗလာစာအုပ်ကလေးလဲ ကျနော်တို့နှစ်ယောက်ကို ငေးကြည့် နေသလိုလို။

ညနေစောင်း ကျောင်းဆင်းချိန်ရောက်လာပြီ ကျနော်တို့နှစ်ယောက်ရဲ့ရယ်သံ မောသံသက်ပြင်းချ သံတွေ လဲ တဖြေးဖြေးတိုးသွားပြီ ကြည်အောင်ကဆေးလိပ်တွေလဲတိုပြီ နေလဲညိုပြီ ကျနော်ပြန်တော့ မယ်တဲ့။

အဲဒီ လျှပ်တပြက်အချိန်လေးမှာပဲ ကျနော်က ဟေ့ခဏနေဦးဆိုပြီး ရှေ့မှာချထားတဲ့ဗလာစာအုပ်ကလေး ထဲမှာ ကဗျာကောက်ခြစ်လိုက်မိတယ်။ “ဧည့်သည်ကြီး” လို့ခေါင်းစဉ်တပ်လိုက်မိတယ်။

ဆေးလိပ်လည်းတို

နေလည်းညိပြီ

ငါကိုအိမ်ပြန်ပို့ကြပါလေ..တဲ့

ကြည်အောင်က “ဟော … ဟုတ်တယ်ဗျို့ .. ကျနော်ပြန်တော့မယ်” တဲ့ သူပျောက်ကွယ်သွားပါတယ် ညပိုင်းကျတော့ သူငယ်ချင်းတွေပြန်ဆုံကြတယ် နေ့လယ်ကကြည်အောင်နဲ့အတူစပ်ခဲ့ကြတဲ့ ကဗျာတွေ ဖတ်ကြတယ်
   
“ဧည့်သည်ကြီး” ကဗျာကို တွေ့တော့ မောင်စွမ်းရည်က …
“ဟာ ကောင်းလိုက်တဲ့ကဗျာ၊ ဖန်မီးအိမ်စာအုပ်ထဲမှာ ထည့်ရမယ်” လို့ တောင်းဆိုတယ်။

မောင်စောလွင်ရောဝင်းကြွယ်ပါသဘောတူကြတယ် ဖန်မီးအိမ်လက်ရေးမူရင်းကို ဒေါင်းနွယ်ဆွေပြ ကြည့်တော့ ဒေါင်းနွယ်ဆွေကကျနော့်ဆီကို စာရေးတယ်

ကိုတင်မိုးရေ .. ခင်ဗျားဟာ … ဧည့်သည်ကြီးကဗျာနဲ့ မှတ်တိုင်စိုက်လိုက်ပြီ” တဲ့။ ကျနော်လဲ “သြော်”  လို့ ဆိုလိုက်မိတယ်။ ဖန်မီးအိမ်စာအုပ်ထွက်တော့ ဒီသုံးကြောင်းကဗျာလေးက ဂယက်အရိုက် ဆုံး ဖြစ်လာတယ်။  

“ရေးမိတာကသုံးကြောင်း၊ မေးခွန်းပေါင်းက သုံးသောင်းလောက်ပါလား” လို့ စာပေဟောပြောပွဲတွေ မှာပြော မိတယ်။ 

“လေးနက်တဲ့ဘ၀အမြင်”  လို့မှတ်ချက်ချသူကချတယ် ဆောင်းပါးရေးပြီးအနက်ဖွင့်သူကဖွင့်တယ် ဘ၀ရဲ့ဆေးလိပ်မတို နေမညိုမီ မေတ္တာထားကြရမယ်လို့ မေတ္တာစကားဆိုသူကဆိုတယ်။

 “ကိုလိုနီစနစ်နေ၀င်ချိန်” ကို အကျစ်လျစ်ဆုံး မှတ်တမ်းတင်ချက်လို့ အနက်ကောက်သူလဲရှိတယ်။

ထောင်ထဲမှာ နံရံပေါ်ကကဗျာအဖြစ် လွမ်းဆွေးသူလဲမနည်းလှ။ “ဗမာပြည်ကို ဧည့်သည် ကြီး နှိပ်စက်ခဲ့တာ (၂၆) နှစ်ရှိပါပြီ။ သူ့ကိုမူလနေရာပြန်ပို့လိုက်ကြပါတော့” လို့ဒီမိုကရေစီ အာဇာနည် ဦးဝင်းတင်က မြင်တယ်။

"ဘာပဲဖြစ်ဖြစ် ဒီကဗျာကို ကျနော်မပိုင်တော့ပါ ကဗျာဖတ်သူသာပိုင်ပါတယ်။ ရေးဖွဲ့သူထက်ဖတ်သူ ခံစားသူကပိုပြီး သိနိုင် မြင်နိုင် ခံစားနိုင်ပါတယ် ရေးသူထက် ဖတ်သူ ပိုတော်ပါတယ်"

“ကျနော်ကတော့ဘာများတတ်နိုင်ပါဦးမည်နည်း” လို့ ဗန်းမော်တင်အောင်ရဲ့လေသံနဲ့မှတ်ချက်ချရုံမှတပါး။

တင်မိုး (ခေတ္တ ၀ါရှင်တန်ဒီစီ)
၂၇၊ ၇၊ ၂၀၀၀
ရွှေမော်ကွန်းမဂ္ဂဇင်း
http://www.shwedaungtaung.com/special/editor-review/339-2012-07-28-02-18-48.html မှကူးယူဖေါ်ပြပါ သည်

Friday, February 22, 2013

လူမိုက်ဆိုတာ (သီတဂူဆရာတော်အရှင်ဥာဏိဿရ)



လူမိုက်ဆိုတာ    (သီတဂူဆရာတော်အရှင်ဥာဏိဿရ) 


နည်းလွဲနည်းမှားတွေကိုလုပ်နေရင်                             လူမိုက်

သူတို့ချည်းလုပ်တာမဟုတ်ဘဲနဲ့သူများတွေကိုပါလျှောက်     လူမိုက်
လုပ်ခိုင်းရင်       

အဲဒီနည်းလွဲနည်းမှားကြီးကို သိတ်အမွန်အမြတ်ထားရင်      လူမိုက်   

မှားနေပြီ်လို့ပြောရင်ပြောတဲ့လူကိုစိတ်ဆိုးရင်                   လူမိုက်



(သီတဂူဆရာတော်အရှင်ဥာဏိဿရ)
၂၀၀၇ ဇန်န၀ါရီလ(၂၂)ရက်
ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ် ရတာနာသိမ်ဂီဈေး ဓမ္မသဘင်ဟောကြားချက်မှ

Friday, February 15, 2013

“ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ရမယ်” ဆိုတဲ့စကားမသုံးထိုက်ဘူး



သတ္တ၀ါတိုင်း သတ္တ၀ါတိုင်း ကိုယ့်ကံကိုဖန်တီး၍ကိုယ့်ခရီးကိုယ်သွားနေကြတယ် အဲဒါပထမပိုင်ပိုင်နိုင်နိုင် နားလည်ကြရမယ် ကံတရားသည်သတ္တ၀ါတို့၏ အကျိုးကိုဖြစ်စေတယ်လို့ဆိုသည်မှာ ကုသိုလ်ပြုရင်ကောင်း ကျိုးဖြစ်မယ် မကောင်းမှုပြုရင်မကောင်းကျိုးဖြစ်မယ် ခြားနားချက်ရှိတယ်

လူ့လောကမှာ ကိုယ့်ကံကိုယ်ဖန်တီး၍ ယူနိုင်တယ်ဆိုတာ ပိုင်ပိုင်နားလည်ထားရမယ် ကိုယ့်ကံကိုယ်ဖန် တီးနိုင်ရ မယ် ကိုယ့်ကံကိုယ်ဖန်တီးနေကြတယ် ဒီစကားအမှန်ဆုံးဘဲဖြစ်တယ် အဲဒီနေရာမှာ "စကားအမှား ကြီးတစ်ခုမြန်မာပြည်ရောက်နေတာ" ဘာလဲဆိုတော့ “ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ရမယ်” ဒီစကားကြီး သုံးနေတယ်  ဒီစကားမသုံးထိုက်ဘူး "ကြမ္မာဆိုတာဂြိုလ်ဆိုး" လို့ခေါ်တယ် မကောင်းကျိုးပေးတာ “ကိုယ်ကြမ္မာကိုယ်ဖန်တီးတယ်” ဆိုတာ ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းတပ်သေဆိုတာနဲ့အတူတူဘဲ အမြင်နမိတ် အသံတဘောင်တဲ့ အမြင်သည်နမိတ်ဖြစ်တယ် ကောင်းသောအရာကိုမြင်လို့ရှိရင်ကောင်း ကျိုးချမ်းသာဖြစ်လာတယ် အသံသည်တဘောင်ဖြစ်သောကြောင့် မကောင်းတာပြောရင် မကောင်းသော အကြောင်းအရာ နောက်ဖြစ်ပေါ်လာတတ်တယ် အသံသည်တဘောင်ဖြစ်တယ်

ဒီစကားဘယ်အချိန်ကစပြောလည်းလို့ဆိုတော့ ဘုန်းကြီးမှတ်မိသမျှ ဒုတိယကမ္ဘာစစ်ကြီးမဖြစ်မှီ စစ်ကြိုခောတ် ကတည်းကဒီစကားစတင်ပေါ်လာတယ် ဒီစကားပေါ်တဲ့နေရာဘယ်ကစသလဲ နိုင်ငံရေးသ မားတွေပါးစပ်ကစခဲ့တယ် ဘုန်းကြီးထိုအချိန်ကစာသင်သားဘ၀ မြို့ရွာတွေကိုလှည့် လည်စာသင်နေတဲ့ အချိန်ဖြစ်တယ် သူတို့က ဘယ်လိုပြောကြလည်းဆိုတော့ စင်မြင့်ပေါ်ကနေပြီးတော့ “ကိုယ့်ကြမ္မာကိုယ်ဖန် တီးနိုင်ရမယ်” “ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ရမယ်” ဒီစကားတွေသုံးကြတယ် ဒီစကားတွေအော်ကာအော် ကာနဲ့ပြောကြတော့ စာနယ်ဇင်း တွေက    ဒီစကားတွေချဲ့ရေးကြတယ် စာဖတ်ပရိတ်သတ်တွေက ဒါတွေကို နောက်ရောင်ခံပြီးတော့ ဖတ်ပြီး တော့ ပါးစပ်ကပြောလာကြတယ် အဲဒီကနေပြီးတော့ မြန်မာပြည်မှာအနှံ့အပြား   ကိုယ့်ကြမ္မာကိုယ်ဖန်တီးတယ် ဆိုတဲ့ကိုစကားကိုသုံးလာတယ် (ဘုန်ကြီးတော့) အဲဒီစကားကနေ့ထိမသုံးသေးဘူး တစ်ခါရံဖန်ရံခါဗမာ့အသံကဟောပြောချက်တွေ တစ်ချို့ဘယ်သူဘယ် သူတို့ရဲ့မိန့်ခွန်းဆိုတဲ့ စကားထဲတောင်ဒီစကားတွေပါနေသေးတယ် မြန်မာ့အသံမှအမှုထမ်းဝန် ထမ်းတွေပြောတဲ့ စကားတွေထဲလည်း ဒီစကားပါသေးတယ်

ဒါကြောင့်မို့ မြန်မာပြည်မှာကောင်းကျိုးချမ်းသာဖြစ်စေခြင်ရင် ဒီလိုမင်္ဂလာမရှိတဲ့စကားမပြောရဘူး မပြော ထိုက်ဘူး "ပါးစပ်သည်မုခမင်္ဂလာဖြစ်ရမယ်" မုခမင်္ဂလာဆိုသည်မှာကောင်းသောစကားပြော  မယုံရင် လူတစ် ယောက်ရဲ့ပြောပုံဆိုပုံကိုစောင့်ကြည့် ထိုသူသည်စကားချိုချိုသာသာ ကောင်းကောင်း မွန်မွန်ပြော တတ် သောသူရဲ့ဘ၀ခရီးမှာပြေပြေပြစ်ပြစ်ချောချောမွေ့မွေ့သွားလိမ့်မယ် သူရဲ့နှုတ်ထွက်စကားသည် ကြမ်း တမ်းသော သူသည် သူရဲ့ဘ၀အကျိုးပေးလည်းကြမ်းလိမ့်မယ် သူရဲ့နှုတ်ထွက်သည်မင်္ဂလာမရှိသောစကား ကိုပြောလို့ရှိရင်    ထိုသူရဲ့ဘ၀ ယနေ့မဖြစ်သေးသော်လည်း နောင်တစ်ချိန်တွင် သူ့မှာဒုက္ခသုက္ခကြုံရ တတ်တယ်   မယုံစောင့်ကြည့် သူ့ပါစပ်ကပြောစောစကားသည် သူရဲ့ဘ၀ခရီးအတွက်သူဖါသူဟောကိန်း ထုတ်လိမ့်မယ်ဖြစ်တယ်

ဒါကြောင့်မို့ ပါးစပ်ကပြောသောစကားသည် မုခမင်္ဂလာရှိရမယ် သုတိကာရ မကောင်းတဲ့စကား မပြောအပ်ဘူး  ဒါကြောင့်မို့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ရမယ်ဆိုတဲ့စကားမပြောထိုက်ဘူး ဒီအတိုင်းဘဲ မြန်မာပြည်ဒုတိယကမ္ဘာစစ်ကြီးဖြစ်လိုက်တာ   မြန်မာပြည်အကုန်လုံးပြာပုံကြီးဖြစ်သွားတယ် မြန်မာပြည် ဘာမှအဖတ်ဆည်မရလောက်အောင်အချို့နေရာတွေ လုံးဝမြို့ကြီးပါပျောက်သွားတယ် “ကိုယ့်ကြမ္မာ ကိုယ်ဖန်တီး”  ဒီစကားက မကောင်းဘူး

ဒီတော့ယနေ့မှစ၍ မြန်မာပြည် သုတိကာကောင်းသောစကားပြောကြပါလို့ ဘုန်းကြီးကတိုက်တွန်းရတယ် “ကိုယ့်ကံကိုယ်ဖန်တီးနိုင်ရမယ်” စကားအမှန်ကဒါပါ ဒီစကားပြောလိုရင်းစကားမှားနေတာဖြစ်တယ်    “ကိုယ့်ကံကိုယ်ဖန်တီးနိုင်ရမယ်” “ကိုယ့်ကံကိုယ်ဖန်တီးနိုင်ရမယ်”

တောင်တန်းသာသနာပြုဆရာတော်ဘုရားကြီး အရှင်ဦးဥတ္တမသာရ

Sunday, February 10, 2013

ငြိမ်းချမ်းရေး


“ငြိမ်းချမ်းရေး”

တစ်မြေထဲဘဲ နေနေ
တစ်ရေထဲဘဲ သောက်သောက်
ဘာသာဘဲ မခြား ခြား
အသားအရောင်ဘဲ မကွဲ ကွဲ
လူမျိုးတူဘဲ ဖြစ်ဖြစ်
နိုင်ငံသားဘဲ တူတူ
အယူဝါဒတွေဘဲ မကွဲပြား ပြား
အသိပညာဘဲ မဟ ဟ
ဆင်းရဲချမ်းသာဘဲ မကွာ ကွာ

"နှလုံးသားခြင်းဝေးလို့ ကတော့"

မခေါ်နိုင်ကြ မပြောနိုင်ကြ သံသယတွေဝင်
အမုန်းတွေပွါး သံယောဇဉ်တွေမဲ့ပြီး

“စစ်ပွဲတွေဖြစ်နေကြအုန်းမှာပါ”



တစ်ကမ္ဘာစီဘဲ နေနေ
ဘာသာတွေဘဲ ခြားခြား
အသားအရောင်ဘဲ ကွဲကွဲ
ဘာလူမျိုးတွေဘဲ ဆိုဆို
ဘယ်နိုင်ငံသားဘဲ ဖြစ်ဖြစ်
ဘယ်အယူဝါဒဘဲ ယူယူ
အသိပညာဘဲ ဟဟ
ဆင်းရဲချမ်းသာဘဲ ကွာကွာ

"နှလုံးသားခြင်းနီးလို့ ကတော့"

ချစ်ကြခင်ကြ မေတ္တာရှိကြ
သံယောဇဉ်တွေရစ်တွယ်ပြီး

“ငြိမ်းချမ်းနေကြမှာပါ”


mg4ko_130210