"တိုက်ပွဲတွေရပ်ပြီး မြန်မာပြည်တစ်ဝှမ်း ငြိမ်းချမ်းပါစေ"
လာရောက်လည်ပါတ်ကြသော ဧည့်သည်များအားလုံး ရွှင်လန်းချမ်းမြေ့ပါစေ
လာရောက်လည်ပတ်သူအားလုံးကို ကျေးဇူးတင်လျှက်...မောင်ဖိုးကို

Monday, March 11, 2013

ပွက်လောရိုက်သံ ဆူဆူညံသွားစေတဲ့ ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေကြမ်း



"ပွက်လောရိုက်သံ ဆူဆူညံသွားစေတဲ့ ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေကြမ်း"

ဒီဥပဒေမူကြမ်းကို ၂၀၁၃ ဖေဖေါ်ဝါရီ (၂၇)ရက်နေ့တွင် နေ့စဉ်ထုတ်သတင်းစာများတွင် ပြည်သူအများ သိရှိလေ့လာ အကြံပြုနိုင်ရေးအတွက် ဟုဆိုကာဖေါ်ပြခဲ့ပါတယ်။

ဒီဥပဒေမူကြမ်းမထွက်မီ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၃ ရက်နေ့က ပုံနှိပ်သူများ၊ ထုတ်ဝေသူများ မှတ်ပုံ တင်နှင့် ဖြန့်ချိရေးလုပ်ငန်းများ ကြီးကြပ်မှု ဗဟိုအဖွဲ့ကို နိုင်ငံတော်သမ္မတ က ပြင်ဆင်ဖွဲ့စည်း ခဲ့ပါ တယ်။ အဆိုပါအဖွဲ့မှာ တပ်မတော် စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်ရုံး၊ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနမှ အဆင့်မြင့်အရာရှိများ ထပ်မံပါဝင်လို့ ၀ါရင့်သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်၊ Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်၊ မြန်မာသတင်းသမဂ္ဂနှင့် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ (ယာယီ) အဖွဲ့ဝင် ကိုဇော်သက်ထွေး၊ မြန်မာဂျာနယ်လစ်ကွန်ရက်၏ အတွင်းရေးမှူး ကိုမြင့်ကျော်၊ Messenger သတင်းဂျာနယ်မှ တာဝန်ခံအယ်ဒီတာ ကိုသူရအောင်၊ Burma VJ မှ ကိုဘိုဘိုအောင်၊ နိုင်ငံရေးအကျဉ်းဟားဟောင်း တစ်ဦးဖြစ်သည့် ကိုသားကြီး၊ ၈၈ မျိုးဆက် ကျောင်း သားခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုဂျင်မီ၊  နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ ဦးထွန်းကြည်၊ နိုင် ငံရေးဆောင်းပါးများ ရေးသားနေသည့် ဒေါက်တာရန်မျိုးသိမ်း၊ မြန်မာနိုင်ငံ သတင်းမီဒီ ယာကောင်စီ (ယာယီ) အဖွဲ့ဝင် ဦးချစ်ဝင်းမောင်အစရှိသည့် ဂျာနယ်လစ်များအပါအဝင် နယ်ပါယ် အသီးသီးက ပုဂ္ဂိုလ် အများက ဝေဖန်ခဲ့ကြပါတယ်။

တစ်ခါအဆိုပါဥပဒေကို ဖေဖေါ်ဝါရီ (၂၇)ရက်နေ့  နေ့စဉ်ထုတ်သတင်းစာများ တွင် ဖေါ်ပြခဲ့ပြီး နောက်ပိုင်း တွင်လည်း သတင်းမီဒီယာကောင်စီ အပါအ၀င် စာနယ်ဇင်း အဖွဲ့အစည်းအားလုံးနှင့် ဂျာနယ်လစ်များက တညီတညွတ်တည်း ကန့်ကွက်နေတဲ့ ကြားကဘဲ၊ ငါးရက်အကြာ မှာတော့ လွှတ်တော်မှာတင်သွင်းကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း က (၂၀၁၃-၀၃-၀၄)ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေး မှာ အသိပေး ပြောကြားခဲ့ ပြန်ပါတယ်။

ဓါတ်ပုံ-RFA မှတ်မှတ်သားသား (၁၃-၀၃-၀၉)
၂၀၁၃ မတ်လ(၀၇) ရက်နေ့ နေပြည်တော်မှာ ကျင်းပနေတဲ့ ပထမအကြိမ်ပြည်သူ့လွှတ်တော် ဆဌမ ပုံမှန် အစည်းအဝေးမှာတော့ ပြန်ကြားရေး ၀န်ကြီးဌာန     ပြည်ထောင်စုဝန်ကြီး ဦးအောင် ကြည်က “အမျိုးသား အကျိုးစီးပွါးကို ကာကွယ်စောင့်ရှောက်ရန်နှင့် လွတ်လပ်စွာပြော ဆိုခွင့် ရေးသားထုတ်ဝေခွင့် တို့ကိုဟန့် တား နှောက်ယှက်ခြင်း လုံးဝမရှိစေဘဲ ပုံနှိပ်သူ ထုတ်ဝေသူများ စာနယ်ဇင်းသမားများ အားလုံး အတွက် လုံခြုံ စိတ်ချ ရမှုနှင့် လုပ်ငန်း လွယ်ကူ အဆင်ပြေစေမှုတို့ကို အဓိကထားပြီး အနာဂါတ် ကာလ စာပေအဆိပ် အတောက် ကင်းစင်စွာ ရှင်သန် ဖွံ့ဖြိုးနိုင်ရေး မျှော်မှန်းချက်ဖြင့် ရေးသားထားတဲ့ ဥပဒေကြမ်းဖြစ်တဲ့ အတွက် လက်ခံ စဉ်းစားပေးနိုင်ပါရန်” ဆိုပြီး ၎င်းရဲ့အဆိုကိုတင်သွင်းသွားခဲ့ပါတယ်။

သတင်းစာမှာဖေါ်ပြပါရှိပြီး ငါးရက်အကြာမှာ ပြည်သူ့လွှတ်တော် ဥက္ကဌကလွှတ်တော်မှာ တင်သွင်းကြောင်းပြော၊ တစ်ခါ ရှစ်ရက်မြောက်နေ့မှာတော့ ပြည်ထောင်စုဝန်ကြီးက လွှတ်တော်မှာလက် ခံဆွေးနွေးပေးဖို့အဆိုတင်၊ ဆိုတော့ အများပြည်သူ သိရှိလေ့လာဖို့ဆိုတာက မည်ကာမတ္တလောက် သာဖြစ်သည့်ပြင်၊ နယ်ပယ်အသီးသီးက ကန့်ကွက်နေတဲ့ကြားက ကသုတ်ကရက် တင်သွားတာဟာ ဘာကြောင့်လဲဆိုပြီး ပြည်သူတော်တော် များများ ကပြောဆိုသံ ဝေဖန်သံတွေ ညံနေပါတော့တယ်။

ဒါကြောင့် ဒီဥပဒေသမိုင်းသိရအောင် နောက်ကြောင်းရာဇ၀င်နည်းနည်းလေးပြန်ကြည့်တော့  Eleven Media Grooup (EMG) ၂၀၁၃ မတ်လ ၀၆ ရက်နေ့ အင်တာနက်သတင်းမှာ ပြည့်ပြည့် စုံစုံ တွေ့ရလို့ ကူးယူပြီး ကောက် နှုတ် ဖေါ်ပြလိုက်ပါတယ်။

၁။    ၂၀၁၁ သြဂုတ်လ(၁၁)ရက်နေ့မှာအမြူတေစာနယ်ဇင်းကောင်စီဖွဲ့စည်း၊ ပြန်ကြားရေး ၀န်ကြီးဌာနက ပြုစုရေးဆွဲ လျက် ရှိသော ပုံနှိပ် မီဒီယာ ဥပဒေ(မူကြမ်း)ကို လွှတ်တော်မှ အတည်ပြု ပြဋ္ဌာန်းပြီးနောက် ယင်းဥပဒေနှင့်အညီ ဖွဲ့စည်းသည့် မြန် မာနိုင်ငံ စာနယ်ဇင်းကောင်စီအား တာဝန်လွှဲပြောင်းပြီးသည်အထိ တာဝန်ထမ်းဆောင်ရမည်ဟု ကြေညာ။
၂။  အစိုးရမှ ဦးဆောင်ပြီး စာနယ်ဇင်း အမြုတေကောင်စီ ဖွဲ့စည်းကြောင်း ကြေညာချက်နှင့် ပတ်သက်ပြီး စာနယ်ဇင်း မီဒီယာသမားများ၊ စာနယ်ဇင်းအဖွဲ့ အသီးသီးက လက်မခံနိုင်ကြောင်း ၀ိုင်းဝန်းကန့်ကွက်။
၃။  တစ်ချိန်တည်းမှာပင် ဂျာနယ်လစ်များ၏ သဘောဆန္ဒကို လျစ်လျူရှုပြီး ပြန်ကြားရေး ၀န်ကြီးဌာနမှ ရေးဆွဲနေ သော ပုံနှိပ်မီဒီယာ ဥပဒေကြမ်းကို ဂျာနယ်လစ်များမှ လက်မခံဘဲ ၀ိုင်းဝန်းကန့်ကွက်။
၎။   ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် ပြန်ကြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ပြောင်းလဲတာဝန်ယူ ခဲ့သော ဦးအောင်ကြည်က ရန်ကုန်မြို့၊ သိမ်ဖြူလမ်းရှိ ပြန်ကြားရေး ၀န်ကြီးဌာနရုံးသို့ စာနယ်ဇင်းအဖွဲ့အစည်း အသီးသီးမှ ကိုယ်စားလှယ်များကို ဖိတ်ခေါ်ပြီး စာနယ်ဇင်းကောင်စီ (ယာယီ) ပြန်လည်ဖွဲ့စည်းရေးနှင့် ပုံနှိပ်မီဒီယာ ဥပဒေမူကြမ်း ရေးဆွဲရေးဆိုင်ရာ ကိစ္စများကို ဆွေးနွေးခဲ့။
၅။  ပုံနှိပ်မီဒီယာ ဥပဒေကြမ်းကို စာနယ်ဇင်းကောင်စီ(ယာယီ)က ဦးဆောင်ရေးဆွဲပြီး “သုည” မူကြမ်းကို ပြန်ကြားရေး ၀န်ကြီးဌာနသို့ ပေးအပ်မည်ဖြစ်ကာ ပြန်ကြားရေး ၀န်ကြီးဌာနက ဥပဒေ ပထမမူကြမ်းကို ရေးဆွဲပြီးနောက် ဥပဒေနှင့် ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲကို မီဒီယာနယ်ပယ်မှသူများ၊ ပညာရှင်များဖြင့် ကျယ်ပြန့်စွာ လုပ်ဆောင်မည် ဖြစ်ကြောင်း၊ ယင်းပထမ မူကြမ်းကို ပြင်ဆင်သင့်သည် များအား ပြင်ဆင်ဖြည့်စွက်ပြီးနောက် ဒုတိယမူကြမ်းသို့ ရောက်ရှိမှ သမ္မတထံ တင်ပြမည်ဖြစ်ကြောင်း၊ ဆွေးနွေးပွဲသို့ တက်ရောက်သော ဂျာနယ်လစ်များက ပြောကြားခဲ့။
၆။      ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့တွင် အမြုတေစာနယ်ဇင်းကောင်စီကို ဖျက်သိမ်းပြီး စာနယ်ဇင်းကောင်စီ (ယာယီ) ကို ပြန်လည်ဖွဲ့စည်းခဲ့။ စာနယ်ဇင်းကောင်စီ (ယာယီ) ၏ သက်တမ်းမှာ မီဒီယာ ဥပဒေ (မူကြမ်း) ကို လွှတ်တော်မှ အတည်ပြု ပြီးနောက် ပေါ်ထွက်လာသော ဥပဒေအရ ဖွဲ့စည်းသော မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီထံ တာဝန် လွှဲပြောင်း ပေးချိန်အထိဟု သတ်မှတ်ခဲ့။
၇။ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၂၇ ရက်နေ့တွင် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)မှ ရေးဆွဲခဲ့သော မီဒီယာကျင့်ဝတ်၊ ပုံနှိပ်နှင့် သတင်းမီဒီယာ ဥပဒေကြမ်းအပေါ် ဂျာနယ်လစ်များ၏ အကြံဥာဏ် တောင်းခံသည့် အလုပ်ရုံဆွေးနွေးပွဲကို ရန်ကုန်မြို့ ရန်ကင်းမြို့နယ်ရှိ မြန်မာနိုင်ငံ ဘဏ်များအသင်း အဆောက်အအုံ၌ ပြုလုပ်ခဲ့။

ဒီရာဇ၀င်ကိုကြည့်တော့ ၀န်ကြီးအသစ်နဲ့ ပြောဆိုဆွေးနွေးထားတဲ့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီရဲ့ (ယာယီ) “သုည” မူကြမ်းတွေ၊ ပြန်ကြားရေး ၀န်ကြီးဌာနက ဥပဒေ ပထမမူကြမ်းတွေ၊ ဥပဒေနှင့် ပတ်သက်သည့် အလုပ်ရုံ ဆွေးနွေးပွဲတွေ လည်းမကြားရ၊  ပြင်ဆင်ဖြည့်စွက်တာတွေလည်းမတွေ့ရ၊ ဒုတိယမူကြမ်းလည်း မထွက်ပါဘဲ ပထမအကြိမ် ပြည်သူ့လွှတ်တော် ဆဌမပုံမှန် အစည်းအဝေးကို ဗြုန်းစားရောက်သွားတာကို တွေရပါတယ်။

ဆရာမောင်ဝံသ-ဓါတ်ပုံ Google Image
ဒီဥပဒေမူကြမ်းသတင်းစာမှာဖေါ်ပြပြီး မြန်မာနိုင်ငံစာနယ် ဇင်းကောင်စီက စာထုတ်ပြန်ပြီး ကန့်ကွက်ခဲ့တာနဲ့ပါတ်သက်ပြီး စာနယ်ဇင်းကောင်စီက သတင်းစာဆရာမောင်ဝံသကို RFA က (၂၀၁၃-၀၃-၀၁)နေ့ မှာ မေးမြန်းရာမှာ ဆရာမောင်ဝံသက “စာနယ်ဇင်းကောင်စီက ရေးဆွဲတဲ့ဥပဒေကြမ်းနဲ့ ခုထုတ်ပြန်တဲ့ ဒီ ပုံနှိပ်ထုတ်ဝေသူဥပဒေမူကြမ်းနဲ့က အချက်အလက်က ဟို အတော်လေးကို ၀ိရောဓိဖြစ်နေတာတွေ ဆန့်ကျင်နေတာတွေ သွားတွေ့ရတယ် ဒီနှစ်ခုက ကျွန်တော်တို့လည်း နားမ လည်နိုင်အောင် ဖြစ်နေတယ် ဒါဘယ်လိုမှ ပုံနှိပ်ထုတ်ဝေ သူတွေဖက်က သူတို့အနေနဲ့လည်း လက်ခံနိုင်မဲ့အချက်တွေ မဟုတ်ဘူး ကျွန်တော်တို့သတင်းသမားတွေဘက်က မီဒီယာ သမားတွေဘက်ကလည်း လက်မခံနိုင်တဲ့ အချက်တွေ အများဆုံး ပါနေတယ်” အဲဒါကြောင့်မို့လို့ ကျွန်တော်တို့က ဒါကိုကြေညာချက် ထုတ်တာပါ ဆိုပြီးဖြေကြားသွားပါတယ်။

သူရဦးအေးမြင့်-ဓါတ်ပုံ ဧရာဝတီ(၁၃-၀၃-၀၉)
တစ်ခါ (၂၀၁၃-၀၃-၀၉)နေ့ ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက် ဆံရေးကော်မတီ နှင့် သတင်းမီဒီယာ များတွေ့ဆုံ ပွဲတွင် ဥက္ကဌသူရဦးအေးမြင့်က “နိုင်ငံတော် သမ္မ တ ရုံးက မြန်မာစာနယ်ဇင်းကောင်စီ (ယာယီ)ကို ဖွဲ့ စည်းပြီး မီဒီယာ ဥပဒေ ကြမ်း ရေးဆွဲခိုင်း ထားချိန်တွင် ပြန်ကြားရေးဝန်ကြီးဌာနက ပုံနှိပ် ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်း ဥပဒေကြမ်းကို လွှတ်တော် သို့တင်ပြလာသည့်အတွက် အထူး အံ့သြမိကြောင်းပြောကြားသွာတယ်” လို့ ဧရာဝတီ သတင်းကဆိုပါတယ်။

သာမာန်ပြည်သူတစ်ယောက်အနေနဲ ပြောရရင် ရှာဖွေဖတ်ရှု မှတ်သားရသလောက် မြန်မာနိုင်ငံ စာနယ် ဇင်း ကောင်စီရဲ့ (ယာယီ) “သုည” မူကြမ်းတင်/မတင်၊ ပြန်ကြားရေးဝန်ကြီးဌာနက ဥပဒေပထမ မူကြမ်း ထွက်/မထွက် မသိပါ၊ သိတာကတော့ (၂၇-၀၂-၂၀၁၃) သတင်းစာပါမူကြမ်း ထွက်တာဘဲ သိပါတယ်။

ပြည်သူတွေအများစုအနေနဲ့က မူကြမ်းထဲက ကောင်းတာ ဆိုးတာတွေကို တိတိပပ၊ ဂဃနဏ၊ မသိနိုင် ကြပါဘူး၊ ဒီဥပဒေနဲ့ ပါတ်သက်ဆက်နွယ်နေသူတွေ ဥပဒေပညာရှင်တွေ အုပ်ချုပ်သူတွေကသာ ဘယ်သူ အတွက်တော့ ဖြင့်ကောင်းတယ် ဘယ်သူအတွက်တော့ မကောင်းဘူးဆိုတာ သိကြမှာပါ။

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနဲ့ ဆွေးနွေးတယ်၊ပြောတယ်၊ အဲဒီဆွေးနွေးတာတွေပြော တာတွေ ဘာမှဖြစ်လာတာ၊ မူကြမ်းဆွဲတဲ့သူတွေကလည်းဆွဲနေရင်းကမပြီးသေးတာ၊ မူကြမ်းဆွဲပြီးသွား လို့လွှတ်တော်ကို တင်တဲ့သူကတင်နေတာ၊  ပည်သူအများ သိရှိလေ့လာ အကြံပြုနိုင်ဖို့ဆိုပြီး သတင်းစာ မှာဖေါ်ပြပြီးအချိန်ကိုတော့ (၅)ရက်ဘဲပေးတာ၊ တစ်ဖက်မှာတော့ ဥပဒေမူကြမ်းရေးခိုင်းထားပြီး၊ တစ်ဖက် ကနေပြီးတော့  သမ္မတကြီးဥရောပငါးနိုင်ငံခရီး ပြန်မရောက် မီတစ်ရက်အလိုမှာ လွှတ်တော်ကို ကတိုက် ကရိုက်တင်လိုက်တာဖြစ်လို့ ဒါတွေဟာဖြင့် တစ်ခုခုလွှဲနေပြီ ပုံမှန်မဟုတ်တော့ဘူး ဆိုတာကိုတော့ ပြည်သူတွေ ကောင်းကောင်းသိကြပါတယ်၊ သိယုံမက လက်လည်းမခံနိုင်ကြပါဘူး၊ ဒီတော့ပြည်သူအများ စုကြီးက ဘယ်သူ တွေကို ဘာကြောင့် ဘယ်လို ယုံကြပါတော့မလဲဗျာ၊  

လက်ရှိအာဏာရပါတီဘဲဖြစ်ဖြစ်၊ အတိုက်အခံပါတီဘဲဖြစ်ပါစေ ရေရှည်တည်တန့်ခိုင်မြဲဖို့ ပြည်သူတွေရဲ့ယုံ ကြည်မှု ကိုးစားမှုတွေရဖို့် အမြဲလိုအပ်နေမှာဖြစ်လေတော့ ပြောတဲ့စကား ပေးတဲ့ကတိ တွေတည်ဖို့ သိတ် ကို အရေးကြီးလှပါတယ်။

အတွင်းအနှစ်သာရသာမက လုပ်နည်းကိုင်နည်းတွေကပါ အများပြည်သူ လက်ခံနိုင်စရာတွေမရှိလေတော့ “ပွက်လောရိုက်သံ ဆူဆူညံသွားစေတဲ့ ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေကြမ်း” လို့သာဆိုပါရစေ ဗျာ။

No comments: