"တိုက်ပွဲတွေရပ်ပြီး မြန်မာပြည်တစ်ဝှမ်း ငြိမ်းချမ်းပါစေ"
လာရောက်လည်ပါတ်ကြသော ဧည့်သည်များအားလုံး ရွှင်လန်းချမ်းမြေ့ပါစေ
လာရောက်လည်ပတ်သူအားလုံးကို ကျေးဇူးတင်လျှက်...မောင်ဖိုးကို

Wednesday, March 6, 2013

ပဋိပက္ခတွေ-ပဋိပက္ခတွေ-ပဋိပက္ခတွေ.....

မအူပင်မြို့နယ် ပလောင်ကျးရွာ ပဋိပက္ခ ဓါတ်ပုံ-DVB
ခုတစ်လော ပဋိပက္ခတွေက ဆက်တိုက်ဆိုသလို ကြားနေရ မြင်နေရတော့ မြန်မာ ပြည်ရှေ့ရေးတွေ နောက်ကြောင်း ပြန်လှည့် မှာတွေ အသာ ထား လောလောဆယ် ပြည် သူတွေ ပြည်သူတွေဆိုလို့ သာမာန်ပြည်သူတွေရော တပ်မတော်သား ရဲတပ် သားတွေရော တိုင်းရင်သားလက်နက်ကိုင်အဖွဲ့အစည်းက လက်နက်ကိုင် တိုင်းရင်း သားတွေရော အားလုံးပေါ့ဗျာ နိုင်ငံတော်က ဒီမိုကရေစီစနစ်ဆီ သွားနေပါတယ် ဆိုသည့် တိုင်အောင် အခုထိဒုက္ခတွေခံစားနေကြရ အသက်တွေ ပေးဆပ်နေကြရ တာတွေကို မြင်နေကြားနေရတော့ ပြည်သူအများစုကြီးခမျာ တော်တော့ကို စိတ်မ ချမ်းမြေ့စရာတွေ ဖြစ်နေကြရတယ်ဗျာ။
ပဋိပက္ခတွေဆက်တိုက်ဆိုသလိုဖြစ်နေကြတယ်ဆိုတာကလည်း နိုင်ငံတော်ပြောင်းလဲလာတဲ့ အခြေအနေကနေ ထိုက်သင့် သ လိုပြော ခွင့်ရကြ ရင်ဖွင့်ခွင့်ရလာကြတာရယ် နစ်ပရိစ္ဆေဒ ကြာအောင် မတရားမှုတွေ ဥပဒေမဲ့မှုတွေ အပေါ်ချုပ်တည်း အောင့်အည်း သည်းခံ နေလာရတာ၊ ခါးစည်းခံလာခဲ့ကြရတာတွေရယ်ကြောင့်မို့ ခုချိန်မှာ ပွင့်အန်ပေါက်ထွက် လာကုန် ကြတယ် ပြောရမှာပါ။

ပဋိပက္ခဆိုလို့ တစ်လောကမှ ဆရာတော်ဘုရားကြီးတွေ တရားတော်တွေကြားနာတဲ့အခါ ပါဋ္ဌိအဓိပ္ပါယ်တွေ ပိုသိလိုတဲ့အခါ သုံးရလေအောင်ဆိုပြီး အင်တာနက်မှာ ဟိုရှာဒီနှောက်ကနေရထားတဲ့ ပါဋ္ဌိ-မြန်မာအဘိဓာန်မှာ ဒီပဋိပက္ခဆိုတဲ့ စကားလုံး အဓိပ္ပါယ်ကိုရှာကြည့်မိပါတယ် အဓိပ္ပါယ်က ရန်သူတဲ့ ဆန့်ကျင်ဘက်တဲ့ အမှန်အတိုင်ဝန်ခံရရင် ပဋိပက္ခဆိုတာ ပြဿနာ အငြင်းပွါးတာ အရေးအခင်း လို့ဘဲထင်ပါတယ် ဒါနဲတစ်ခြားမြန်မာ-အင်္ဂလိပ် အဘိဓါန်တစ်ခုမှာကြည့်တော့ ပဋိပက္ခဆိုတာ အင်္ဂလိပ်လို conflict လို့ဆိုပြန်ပါတယ် ဒီလိုဆိုတော့လည်း ကိုယ်ထင်တာမဆိုးသေးဘူးပေါ့ တစ်ခါ အင်္ဂလိပ်-မြန်မာ အဘိဓါန်ကိုကြည့်တော့ သဘောကွဲမှု အငြင်းပွါးမှု ရန်ပွဲ တိုက်ပွဲ ဆန့်ကျင်မှု ၀ိရောဓိလို့ပြောပြန်ပါတယ် ထားတော့။

လောလောဆယ် ပဋိပက္ခဖြစ်ပြီး ထိခိုက်ဒါဏ်ရာတွေရကြ အချို့သေဆုံးကြရတဲ့အထိ ရောက်ကုန်ကြတဲ့သူတွေဟာ ရန်သူတွေလား၊ ရန်သူတွေတော့မဟုတ်ပါဘူး အငြင်းပွါးမှုတွေကနေ ဆန့်ကျင်ဘက်မှာရှိနေလို့ ဒါမှမဟုတ် ဆန့်ကျင် ဘက် နေရာတွေ ရောက် သွားကြရာက နှိမ်နင်းကြ ခုခံကြရာက ရန်သူတွေလို ဖြစ်ကုန်ကြပြီး ရုန်းရင်းဆန်ခတ်တွေ ဖြစ်ကြ ရာက နေသေဆုံး ကြရတဲ့အထိဖြစ်ကုန်ကြတာလို့ဘဲပြောရမှာပါ။ ရဲတပ်သားတွေကအမိန့်အရ တာဝန်အရ ဆောင်ရွက်ရင်း၊ ပြည်သူတွေကလည်း သူတို့ပိုင်ခွင့်တွေကိုရဖို့ တောင်းဆိုရင်း ကာကွယ်ရင်း၊ ဆန့်ကျင်ဘက်နေရာတွေ ရောက်ကုန်ကြရပြီး ရုန်းရင်းဆန်ခတ်တွေ ဖြစ်ကြတယ်ဆိုရမှာပေါ့။

နှစ်ဖက်စလုံးမှာတော့ ပြဿနာဖြစ်လိုတဲ့ဆန္ဒမရှိတာ သေခြာပါတယ်  ဘာလို့လဲဆိုတော့ ရွာသားတွေနဲ့ရဲတပ်ဖွဲ့ဝင်တွေဟာ ရန် သူတွေ မဟုတ်သလို အငြင်းပွါးနေတဲ့သူတွေလဲမဟုတ်ကြပါဘူး တကယ်ဖြစ်ရမှာက ပလောင်ရွာမှာဆိုရင် မြေသိမ်းထားသူ (ကုမ္ပဏီ)နဲ့ အသိမ်းခံရသူ ရွာသားတွေ၊  နှစ်ကျပ်ခွဲရွာဆိုရင် ရွာသားတွေနဲ့ လျှပ်စစ်ဝန်ထမ်းတွေလို့ ဆိုရမှာပါ ဒါပေမဲ့ နောက်ဆုံး မတော့ ရဲနဲ့ပြည်သူရဲ့ ပြဿနာဖြစ်ကျန်နေတယ်လေ ရဲတပ်ဖွဲ့ဆိုတာက မှန်တဲ့ဘက်ကရပ်ပြီး အကာအ ကွယ် ပေးရမှာဆိုတော့ လက်ရှိအနေအထားကိုကြည့်ရင် ရဲတပ်ဖွဲ့ကကုမ္ပဏီနဲ့ ဌာနဆိုင်ရာဖက်ကို အကာအကွယ်ပေး နေတော့ ပြည်သူတွေ ဘက်က မှားနေသလို ဖြစ်နေရပါတယ်၊  ဒါဟာလည်း ရဲတပ်ဖွဲ့အတွက် ကောင်းတဲ့အနေအထား မဟုတ်ပါဘူး ဘာလို့လည်းဆိုတော့ ရွာသားတွေက မြေယာအသိမ်းခံထားရသူတွေ နောက်တရားဝင်ဓါတ်အား သွယ်တန်းခွင့် ရထားပြီး သူတွေ ဖြစ်နေကြလို့ပါ။ ခောတ်စနစ် ပြောင်းနေတဲ့ကာလမှာ ရဲတပ်ဖွဲ အနေနဲ့ကလည်း ပြည်သူတွေယုံကြည်ကိုးစားသော ပြည်သူတွေ ချစ်သော အဖွဲ့အစည်း ဖြစ်အောင်ကြိုးပန်းကြဖို့ ပြည်သူအများစုကြီးကဆန္ဒရှိနေမယ်ဆိုတာအသေအခြာပါ။

ထစ်ခနဲဆို ရဲနဲ့ပြည်သူတွေဘဲ ထိတ်တိုက်တွေ့နေရာကရှောင်ရှားဖို့ သက်ဆိုင်ရာဒေသက လူအများလေးစားကြ ကြည်ညိုကြတဲ့ ဘုန်းတော်ကြီးတွေ လူပုဂ္ဂိုလ်တွေအပြင် နိုင်ငံရေးခေါင်းဆောင်တွေရော အာဏာပိုင်အဖွဲ့အစည်းအသီးသီး အုပ်ချုပ်ရေး ဆိုင်ရာအဖွဲ့အစည်း အသီးသီးက ပုဂ္ဂိုလ်တွေနဲ့ပါ ညှိနိုင်းတိုင်ပင်ပြီးမှဆောင် ရွက်ရင်ကောင်းမယ်လို့ပြည်သူ တစ်ယောက် အနေနဲ့ရိုးသားစွာထင်မိတယ်ဗျာ  အဲလိုဆောင်ရွက်နိုင်ရင် ရဲတပ်ဖွဲ့နဲ့ပြည်သူကြားမှာလည်း မလိုလားအပ်တဲ့ တင်းမာမှုတွေ မပေါ်ပေါက်နိုင်ဘူးပေါ့။

ခုအခြေအနေမှာတော့ ကျေးရွာသူရွာသားတွေနဲ့ တာဝန်အရဆောင်ရွက်ကြရတဲ့ ရဲတပ်ဖွဲ့ဝင်တွေအကြား နာကျင်မှုတွေ မုန်းတီး မှုတွေ ရန်လိုမှုတွေ ကျန်နေခဲ့တာပါဘဲ တကယ်တန်းပြောရရင်တော့ ကျေးရွာသူရွာသားတွေရော ရဲတပ်သား တွေပါ တိုင်းပြည်ရဲ့ အောက်ဆုံးအလွှာကလူတွေပါ ဒီလူတွေအကြားမှာ အမုန်းတရားတွေကျန်ခဲ့အောင် ပဋိပက္ခတွေက ဖန်တီးပေးခဲ့ သလိုတွေ ဖြစ် နေခဲ့တာကိုတွေ့ရပါတယ် ပြောရရင်တော့ ဒါတွေဟာမဖြစ်သင့်တဲ့ကိစ္စတွေပါ။

ကျောက်ပန်တောင်းမြို့နယ်  နှစ်ကျပ်ခွဲကျေးရွာပဋိပက္ခ ဓါတ်ပုံ-DVB
ခုလောလောဆယ် အင်တာနက်သတင်းတွေမှာ ဂျာနယ်တွေ မှာ ကျောက်ပန်းတောင်း မြို့နယ် နှစ်ကျပ် ခွဲကျေးရွာပဋိပက္ခ မအူပင်မြို့ နယ် မလက်တိုကျေးရွာ အုပ်စုပလောင်ကျေးရွာ ပဋိပက္ခတွေ မှာ လူတွေ ထိခိုက် ဒါဏ်ရာ ရယုံတင်မက အသေ အပျောက်တွေ ရှိနေတယ် ဆိုတာ ကြားသိကြရပါတယ်။

ပလောင်ကျေးရွာပဋိပက္ခမှာ ရဲတပ်သားတစ်ဦးသေဆုံးပြီး ရဲတပ်ဖွဲ့ဝင်နဲ့ အရပ်သား (၇၀)လောက်ဒါဏ်ရာရ ကြတယ် လို့ သတင်းတွေ ကဆိုပါ တယ် တစ်ခါနှစ်ကျပ်ခွဲကျေးရွာ ပဋိပက္ခမှာဆိုရင်လည်း သံဃာတော် တစ်ပါး အဖမ်းခံရပြီး ရွာသား (၄)ဦး ဒါဏ်ရာ ရကြတယ် ဆိုပါတယ်။ 


ကျောက်ပန်တောင်းမြို့မယ် နှစ်ကျပ်ခွဲကျေးရွာပဋိပက္ခ ဓါတ်ပုံ-DVB
ကျာက်ပန်တောင်း နှစ်ကျပ်ခွဲကျေးရွာပြဿနာ က ကျေးရွာ လျှပ်စစ် မီးပေးတဲ့ကိစ္စအပေါ် အခြေခံတာဖြစ်ပြီး မအူပင် မြို့နယ် ပလောင်ကျေးရွာ ပဋိပက္ခ ကတော့ လယ် သိမ်း မြေသိမ်း ခံရလို့ဖြစ်ရတဲ့ ကိစ္စပါ အဆိုပါ ပဋိပက္ခတွေမှာ ရဲအင်အား ရာချီသုံးနှိမ်နင်းရတယ် ပုဒ်မ ၁၄၄ ထုတ်ထား ရတယ် အသေအပျောက်ရှိတယ် ဒါဏ်ရာရတဲ့သူတွေ များတယ်ဆိုတာကို ကြည့်ရင် စိတ်မအေးစရာတွေ ရင်ပူစရာတွေလို့ဘဲဆိုရမှာပါ။
ကျွန်တော်တိုနိုင်ငံမှာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက တည်း က နိုင်ငံတော် လွပ်လပ်ရေး ရတာနဲ့အ တူပေါ်ပေါက် လာပြီး ယနေ့တိုင် ဖြေရှင်းလို့ မရသေး တဲ့ တိုင်းရင်းသား လက်နက်ကိုင်ပဋိပက္ခ၊ အမြစ်တွယ်နေပြီဖြစ်တဲ့ တိုင်ပြည်ရဲ့ အရှေ့ နဲ့ အနောက်အရပ် ဆီက နိုင်ငံခြားသား စိမ့်ဝင် ၀င်ရောက်မှု ပြဿနာ၊ ဒါတွေအပြင် နိုင်ငံတော်ကသွားနေပါတယ်ဆိုတဲ့ ဒီမိုကရေစီခရီး၊ ဒါ့အပြင် တိုင်းပြည်ရဲ့ ပညာရေး ကျန်းမာရေး စတာတွေ ဆိုးဆိုးဝါးဝါး နိမ့်ကျနေမှုစတဲ့ ဖြေရှင်းစရာ ကိစ္စ ကြီးတွေက ဒုနဲ့ဒေးပါ။


ဒီပြဿနာတွေကို ကြည့်လိုက်ရင် လယ်သိမ်းမြေသိမ်းကိစ္စဆိုတာ တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခ နိုင်ငံခြားသား စိမ့်ဝင်မှု ကျန်းမာရေး ပညာရေးကိစ္စ ဆိုတာတွေထက် ရှင်းရတာလွယ်မယ်လို့ထင်ပါတယ် ဒိထက်ပိုလွယ်မယ် ထင်တာ ကတော့ ကျေးရွာ လျှပ်စစ်မီးပေးတဲ့ ကိစ္စပေါ် အခြေခံတဲ့ ပြဿနာပါ ဒီလွယ်လောက်တဲ့ ပြဿနာတွေမှာတောင် ဘာလို့ ပြေလည်အောင် မရှင်းနိုင် ရတာလည်းဆိုတာကို ပြည်သူတစ်ယောက်အနေနဲ့ စဉ်းစားလို့ကို မရနိုင်အောင်ပါဘဲ လွယ်လွယ်ဖြေရှင်းရင် ရနိုင်တဲ့ကိစ္စတွေမှာ မပြေလည်ဘဲ အကျယ်အကျယ်မငြိမ်းဘွယ်တွေဖြစ်လာကြတာကို တွေ့ရတော့ ပြည်သူတွေ အနေ နဲ့ တောင်တောင် အီအီတွေ စဉ်းစားပြီး သဘောရိုးမှ ဟုတ်ပါလေစ ဆိုတဲ့အတွေးတွေ ၀င်လာကြပါတယ်။ 

ဖြစ်နိုင်တာကတော့ အောက်ခြေအဖွဲ့အစည်းတွေမှာ ဆောင်ရွက်နေကြသူတွေရဲ့ ပြဿနာဖြေရှင်းရာမှာ ကျွမ်းကျင်မှု မရှိတာကြောင့် ဆိုတဲ့အားနည်းချက်ထက် နှစ်ပေါင်းများစွာအပေါ်စီးကနေလာခဲ့ကြတဲ့ အုပ်ချုပ်သူတွေကိုအောက်မှာဘဲ အမြဲနေနေ ထားရာနေစေ ရာသွား နင်းပြားဘ၀မှာ နေလာကြရတဲ့ အုပ်ချုပ်ခံသူတွေက ခုချိန်မှာ တစ်စုံတစ်ရာ အတိုင်းအတာ အပြောင်းအလဲတွေကြောင့် စုရုံးကြ ဆန္ဒတွေထုတ်ဖေါ်ကြ အပြစ်တွေပြောကြ မေးခွန်းတွေထုတ်ကြ ဆန့်ကျင်ကြ ဆိုတာတွေ လုပ်လာကြတဲ့အပေါ် အုပ်ချုပ်သူတွေက လက်မခံနိုင်ကြတာ လက်မခံခြင်ကြတာ ပြောင်းလဲလာတဲ့ အပြောင်းအလဲကို မလိုက်ပါလိုကြတာ စနစ်ဟောင်း ကိုဘဲ ဖက်တွယ် နေလိုကြတာတွေကြောင့်ကလည်းအဓိကကျနေတယ်လို့ဘဲ တွေးမိပါတယ်။

လက်ပန်တောင်းတောင်ကိစ္စမှာတောင် ဒီလောက်အထိအကြမ်းဖက်ဖြိုခွင်းလိုက်တာဟာ ပြည်ထောင်စုဝန်ကြီး သွားရောက် ညှိနိုင်းစဉ်က ဒေသခံတွေကပြောတာဆိုတာတွေ တင်ပြတာတွေဟာ မထေမဲ့မြင် မလေးမစား လုပ်တယ်ဆိုပြီး အဲဒါ တွေအပေါ် မကြေနပ်လို့ ဒီလောက်အထိဖြစ်ရတာလို့ ပြည်သူတစ်ချို့ထင်မြင်ယူဆတာတွေလည်းထွက်ပေါ်ခဲ့ပါတယ်။

အောက်ခြေကအုပ်ချုပ်သူတွေတင်မက အပေါ်ပိုင်းအုပ်ချုပ်သူတွေ ထဲမှာပါအပြောင်းအလဲကို မလိုက်ပါနိုင်သူတွေ ဒရွတ်တိုက် ဆွဲနေသူတွေ ရှိနေပါတယ်လို့အများက လက်ခံထားကြပါတယ်။ ဒါကြောင့်လည်း နိုင်ငံတော်သမ္မတကြီးက နှေးကွေးနေသူတွေ ကိုချန်ထားခဲ့မယ်ပြောရတာပေါ့ဗျာ ချန်ထားရမဲ့သူတွေဟာ အုပ်ချုပ်ရေးပိုင်းဆိုင်ရာအဖွဲ့အစည်းရဲ့ အထက်ပိုင်းတွင်သာမက အလယ်မှာရော အောက်ခြေမှာပါ အများအပြားကိုရှိနေတော့ အုပ်ချုပ်ရေးယန္တယားကို မထိခိုက်ရအောင် လျှင်လျှင်မြန်မြန် ချန်ထားခဲ့နိုင်အောင်လည်းကြိုးစားဖို့လိုနေပါပြီ ချန်ထားရုံတင်မက ခောတ်နဲ့စနစ်နဲ့ ကိုက်ညီအောင် ဆောင်ရွက်နိုင်မဲ့သူတွေနဲလည်း အမြန်ဆုံး အစားထိုးနိုင်ဖို့လိုအပ်ပါတယ် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှုး တွေလို လူတွေကိုတော့ အများပြည်သူ ကြိုက်တဲ့နှစ်သက်တဲ့ သူတွေကိုရွေးချယ်ရင် အဆင်ပြေနိုင်ပေမဲ့ ရဲတပ်ဖွဲ့လို အဖွဲ့အစည်းတွေမှာတော့ သက်ဆိုင်ရာ ရဲတပ် သားတွေရဲ့အမြင်တွေ၊ ရဲတပ်သားတွေတင်မက သက်ဆိုင်ရာရာထူး အဆင့်ဆင့်မှာတာဝန်ထမ်းဆောင်နေကြတဲ့ တပ်ဖွဲ့ဝင်တွေရဲ့ စိတ်ဓါတ်တွေကို ခောတ်စနစ်နဲ့ကိုက်ညီအောင် မြှင့်တင်ပေးနိုင်ဖို့အထူး အရေးတကြီးကိုလိုအပ်နေပါပြီ။

မအူပင်မြို့နယ် ပလောင်ကျေးရွာ ပဋိပက္ခ ဓါတ်ပုံ-DVB
ပလောင်ကျေးရွာပဋိပက္ခမှာ ရဲတပ်ဖွဲ့ဝင်တစ်ချို့ဟာ မလိုလားအပ်တဲ့ ကြမ်းကြမ်းတမ်းတမ်း ဆောင်ရွက်မှုတွေမဖြစ်ရအောင် ထိန်းထိန်းသိမ်း သိမ်းဆောင် ရွက်ဖို့ကြိုးစားသူရှိသလို ကြမ်းကြမ်းတမ်းတမ်းဆောင် ရွက်သူတွေရှိတာကို ရုပ်/သံတွေမှာ တွေ့ မြင်ကြရပါတယ် ဒါကြောင့်လည်း တပ်ဖွဲ့ဝင်တွေရဲ့ စိတ်ဓါတ်တွေ ကို ခောတ်စနစ်နဲ့ကိုက်ညီအောင် မြှင့်တင်ပေးနိုင်ဖို့ အထူးကို လိုအပ်နေပါပြီ တစ်ပြိုင်တည်းမှာဘဲပြည်သူတွေကိုလည်း ဥပဒေနဲ့ အညီဆောင်ရွက် တတ်ဖို့ကိုလည်း အသိပေး ကြရ  ပညာပေး ကြရမှာပါ။ 




မအူပင်မြို့နယ် ပလောင်ကျေးရွာ ပဋိပက္ခ ဓါတ်ပုံ-အင်တာနက်
ဒီကနေ့ မအူပင်မြို့နယ် ပလောင်ကျေးရွာပဋိပက္ခမှာ ရဲတပ်သား တစ်ဦး အသက် ဆုံးရှုံးတယ်လို့ဆိုပါတယ် တကယ် တန်း ပြောရရင် ရဲတစ်ဦးအသက်ဆုံးရှူံးတာကို သဘောကျ ပါသလား လို့ ပြည်သူတွေ ကို မေးကြည့်ပါ ဘယ်သူကမှ သဘောကျတယ်ဖြေမှာမ ဟုတ်ပါဘူး ကျန်ရစ်ခဲ့တဲ့ ဇနီး သား သ္မီး တွေဘယ်လောက် ပူဆွေးသောကရောက်ကြမယ်ဆိုတာကို ကိုယ်ချင်းစာမိကြမှာပါ ဒီလိုပါဘဲ ပြည်သူထဲကအသက် ဆုံးရှူံးခဲ့ရင်လည်း ဘယ်ရဲတပ်သားကမှ ၀မ်းသာနေလိမ့်မယ် မဟုတ်ပါဘူး ဒီလိုပါဘဲ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ပဋိပက္ခတွေမှာ လည်း နှစ်ဖက်မျက်နှာချင်း ဆိုင် တိုက်နေစဉ် တစ်ယောက်ကို တစ်ယောက် သူသေကိုယ်သေ ပစ်ကြခတ်ကြပေမဲ့ ဘယ်ဘက်ကဘဲ ကျဆုံးပါစေ ဘယ်သူကမှဝမ်းသာ နေကြမှာ မဟုတ် ပါဘူး။ ဒါပေမဲ့ ခုလိုပဋိပက္ခတွေဖြစ်ကြလို့ လင်ယောကျာင်္း ဇနီးမယား သား သ္မီး ညီအစ်ကိုမောင်နှမ ဆွေမျိုးမိတ်ဆွေတွေ ဆုံးပါးသွားကြ သူတွေရဲ့စိတ်ထဲမှာတော့ စိတ်ဒါဏ်ရာကိုယ်စီ ရှိနေကြမယ်ဆိုတာကတော့သေခြာပါတယ်။

၁၉၈၈ ဇွန်လအရေးအခင်းမှာ ရန်ကုန်ဆေးရုံကြီးရှေ့မှာ လုံထိန်းကားတစ်စီးမိးရှို့ခံထားတာတွေ့ရဘူးပါတယ် အဲဒီကားနဲ့ အတူ လုံထိန်းရဲတစ်ချို့လည်း “ကျဆုံးပြီးမှမီးလောင်နေတာလား” “မီးမလောင်မီကဘဲကျဆုံးသွားကြတာလားတော့မသိပါဘူး” (၃)ယောက်လောက် တွေ့ရပါတယ် ပိုးလိုးပက်လက်အသက်ဆုံးရှုံးနေတဲ့ရဲတပ်ဖွဲ့ဝင်တွေကိုမြင်ရတော့ တော်တော် လေးကို စိတ် မကောင်းဖြစ်ရပါတယ် အိမ်မှာကျန်ခဲ့တဲ့မိသားစုတွေကတော့ သေသွားတယ်ဆိုတာမသိလောက်သေးပါဘူး တာဝန် ထမ်းဆောင် နေဆဲဘဲ ထင်ကြမှာပါ ဒါပေမဲ့စိတ်ပူနေကြမှာကတော့သေခြာပါတယ် အခြေအနေတွေ ရှုပ်ထွေးနေချိန်မှာ တာဝန်ထမ်းကြရတော့ စိတ်ပူနေကြရမှာလေ ဒီရဲတပ်ဖွဲ့ဝင်တွေအချိန်တန်လို့မှအိမ်ပြန်မရောက်ရင် အိမ်က ဇနီး သားသမီး ညီအစ်ကို မောင်နှစ်မ တစ်တွေဘယ်လိုနေကြမလဲ ကျဆုံးသွားပြီဆိုတဲ့သတင်း ကြားရင်ရော ဘယ်လိုခံစားကြရမလဲ။

အဲသည်လိုဘဲ အရေးအခင်းကာလမှာ ကျဆုံးသွားကြတဲ့ ပျောက်ဆုံးသွားကြတဲ့ အပြစ်မဲ့ ပြည်သူတွေ ကျောင်းသားတွေ ရဟန်းသံဃာတွေရဲ့ မိဘ ညီအစ်ကို မောင်နှစ်မ တစ်တွေရော ဘယ်လို ဖြေသိမ့်ကြမလဲ ဘယ်လိုမေ့ပျောက်ကြမလဲ ဘယ်သူမှ မမေ့နိုင်ကြပါဘူး ဒါပေမဲ့ စစ်သားဘဲဖြစ်ဖြစ် ရဲတပ်သားဘဲဖြစ်ဖြစ် ကျောင်းသားဘဲဖြစ်ဖြစ် သာမာန်ပြည်သူဘဲ ဖြစ်ဖြစ် တစ်ယောက် ကို  တစ်ယောက်တော့ ပုဂ္ဂိုလ်ရေး မုန်တီးမှုတွေ မရှိကြပါဘူး ဒါပေမဲ့ အဖွဲ့အစည်းကိုရယ်တော့ဖြင့် အမုန်းစိတ်တွေရှိ နေနိုင်ပါတယ် ဒါကလည်းသဘာဝကျပါတယ် ဒီကာလတွေမှာဘဲ စစ်တပ်ကိုဆန့်ကျင်တဲ့ ပြည်သူတွေဟာ ကိုယ့်လမ်း ကိုယ့်အိမ်နားမှာ တာဝန်ကျကြတဲ့တပ်သားတွေကို ဆေးလိပ် ကွမ်းယာ လ္ဘက်သုပ် ရေနွေး စတာတွေ ပေးကျွေးခဲ့ကြတာကို တွေ့ခဲ့ဘူးပါတယ် အဲဒီအချိန်မှာ တာဝန်အရ ဆောင်ရွက်ကြရတဲ့ တပ်မတော်သား တွေဟာ အချိန်မှန် မစားရကြဘူး ဆိုတာပြည်သူကသိပါတယ် အဲဒီအချိန်ကပြည်သူတွေက စစ်သားကို မုန်းတာမဟုတ်ပါ စစ်တပ်ကိုသာမုန်းကြတာပါ။

ပြောရမယ်ဆိုရင်တော့ ခေါင်းဆောင်တွေမှာ တာဝန်အရှိဆုံးပါဘဲလို့သာပြောရမှာပါ ဘာလို့လည်းဆိုတော့ စစ်ပွဲကြီးတွေ တိုက်ကြတယ်ဆိုရင် နှစ်ဖက်ခေါင်းဆောင်လုပ်သူတွေဟာ နောက်တန်းတစ်နေရာကနေပြီးတော့ စားပွဲကြီးတွေပေါ် ကမြေပုံ ကြီးတွေပေါ်မှာ တပ်မကြီးဆိုတာတွေကို တုတ်နဲ့ထိုးပြီးရွှေ့လိုက်တယ်ဆိုတာနဲ့ အောက်ခြေက စစ်တပ်တွေမတော့ စစ်မြေပြင်မှာတစ်ဖက်နဲ့ တစ်ဖက် သဲကြီးမဲကြီးတိုက်ကြရင်း စစ်သားတွေသာမကဒေသခံပြည်သူပြည်သားတွေပါ ဖျောက်ကနဲ ဖျောက်ကနဲ နဲ့ လူ့အသက်တစ်ချောင်းဟာ ဘာတန်းဘိုးမှမရှိသလို သေသွားကုန်ကြတော့တာပါဘဲ ဘယ်လိုပဋိပက္ခတွေ ဘဲဖြစ်ဖြစ် စစ်ပွဲတွေဘဲ ဖြစ်ဖြစ် အများဆုံးပေးဆပ်လိုက်ရသူတွေကတော့ အောက်ခြေကပြည်သူတွေ တပ်မတော်သားတွေ ရဲတပ်ဖွဲ့ဝင်တွေပါ ဒီတော့ခေါင်းဆောင် ဆိုတဲ့ ပုဂ္ဂိုလ်တွေဟာ ကိုယ့်တိုင်းသူပြည်သားတွေ အထိအခိုက်အနည်းဆုံးဖြစ်မဲ့ အကောင်းဆုံးနည်းလမ်းတွေ ကိုရွေးပြီး ကြုံတွေ့နေကြရတဲ့ ပြဿနာတွေ ပဋိပက္ခတွေကို အမြန်ဆုံးဖြေရှင်းပေးကြဖို့ ပြည်သူအများစုကြီး ကမျှော်လင့်နေကြပါတယ်။

"ဒီမိုကရေစီရဲ့ အခြေခံလိုအပ်ချက်ကဘာလဲဆိုတော့ အခက်အခဲတွေရှိရင် မပြေလည်တာတွေရှိရင် ညှိညှိနှိုင်းနှိုင်း တိုင်တိုင်ပင်ပင်နဲ့ပြေလည်မှုရအောင် ကြိုးပမ်းကြရမယ့်တာဝန်ပဲ" လို့ မြန်မာ့ဒီမိုကရေ စီခေါင်းဆောင်ကဆိုပါတယ်၊ ဒါ့ပြင်နိုင်ငံတော်သမ္မတကြီးကလည်း "လက်နက်ကိုင်ပဋိပက္ခကြောင့် မည်သည့်ဘက်ကဖြစ်စေ အသက်နှင့် အိုးအိမ်ပစ္စည်း ဆုံးရှူံးမှုရှိရင် မြန်မာနိုင်ငံအတွကဆုံးရှူံးခြင်းပဲ ဖြစ်တယ်လို့ ခံယူထားပါတယ်" လို့ဆိုပါတယ် မှန်တာပေါ့ဗျာ သိတ်မှန်တဲ့ စကားတွေပီါတော့ ဆုံးရှူံးမှုတွေ ရပ်တန်းကရပ်အောင် အခက်အခဲတွေပြေလည်အောင်ဆိုတာတွေ မြန်နိုင်သမျှမြန်ဖို့နဲ့ အချိန်မီဖြစ်ဖို့တော့ လိုပါလိမ့်မယ် အချိန်မမီလို့ကတော့ မြန်မာပြည်ဟာတွင်းနက်ကြီးထဲကို အချိန်မရွေး ဖုတ်ကနဲ ပြန်ကျသွားပြီး ပြည်သူတွေရဲ့မျှော်လင့်ချက်တေ ဆိတ်သုဉ်းသွာုးံမက ပြည်သူတွေ အသက်အိုးအိမ်တွေ ပေးဆပ်ကြရ အုန်းမှာပါ။

မြန်မာပြည်ရဲ့လက်ရှိအနေအထားက  စ်ပေါင်းငါးဆယ်လောက်အတွင်းမှာ ခါးစည်းခံခဲ့ကြရတဲ့မတရား မှုတွေကို ဆန့်ကျင်တာတွေ ဆန္ဒပြတာတွေ ဆက်ဖြစ်နေကြအုန်းမှာပါ ဒီတော့ ပဋိပက္ခတွေက နောက် ထပ် နောက်ထပ် ဆက်ပေါ်လာကြဖို့ရှိတာ့ ဒါတွေကိုအကောင်းဆုံးနည်းလမ်းတွေနဲ့ဖြေရှင်းသွားနိုင်ဖို့  နိုင် ငံတော်ပိုင်ကရော နိုင်ငံရေးခေါင်းဆောင်များကရော ပြည်သူများအတူလက်တွဲပြီး နိုင်ငံတော်သွားနေ တဲ့ ဒီမိုကရေစီလမ်းကြောင်းလည်းမထိခိုက်ရလေအောင် ပြည်သူလူထုရဲ့အသက် အိုးအိမ်တွေကိုလည်းအထိ အနည်းဆုံးဖြစ်အောင် အားသွန်ခွန်စိုက် ကြိုးပန်းပေးကြပါလို့ တောင်းဆိုခြင်ပါတယ်။
ဒါဟာပြည်သူတစ်ယောက်ရဲ့ ရိုးရိုးရှင်းရှင်းအမြင်ပါ ခံစားချက်ပါ မည်သို့ပင်ဖြစ်နေပါစေ ပည်သူတစ်ဦး၊ ရဲ့တပ်ဖွဲ့ဝင်တစ်ဦး၊ စစ်သည်တစ်ဦး၊ တိုင်းရင်းသားလက်နက်ကိုင်တစ်ဦးတစ်ယောက်ရဲ့အသက် ဆုံးရှူံးမှု တစ်စုံတစ်ရာကိုမျှ မတွေ့လို မမြင်လို မကြားလိုတော့ပါ၍. . . . . 

"ပဋိပက္ခတွေ-ပဋိပက္ခတွေ-ပဋိပက္ခတွေ အမြန်ချုပ်ငြိမ်းအောင်ဆောင်ရွက်ပေးကြပါ" လို့တောင်းဆိုပါ ရစေ ဗျာ

No comments: