"တိုက်ပွဲတွေရပ်ပြီး မြန်မာပြည်တစ်ဝှမ်း ငြိမ်းချမ်းပါစေ"
လာရောက်လည်ပါတ်ကြသော ဧည့်သည်များအားလုံး ရွှင်လန်းချမ်းမြေ့ပါစေ
လာရောက်လည်ပတ်သူအားလုံးကို ကျေးဇူးတင်လျှက်...မောင်ဖိုးကို

Wednesday, December 12, 2012

မသွဲ့သွဲ့ဝင်း မအေးနက် အခြေခံဥပဒေ နှင့် ဒီမိုကရေစီ


မသွဲ့သွဲ့ဝင်း နဲ့ မအေးနက်ကိုတော့ သတင်းစိတ်ဝင်စားသူအားလုံး လိုလို သိကြမှာပါ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအရေး ကနေပေါ် ထွက်လာတဲ့ အာဂသတ္တိခဲ မိန်းမသားနှစ်ဦး ဆိုပါတော့ဗျာ သူတိုနှစ်ယောက်အကြောင်းကို New York Time သတင်းစာကြီး ကတောင် ဖွင့်ချချီးကျူးရကြောင်းကို ဒေါင်းမာန်ဟုန်မှာ ဖတ်လိုက် ရပါတယ် သူတို့နှစ်ဦးဟာတောင်သူနှစ်ဦးဖြစ်ကြောင်း သူတို့ဟာအခြေခံ ပညာလောက် ပဲတတ်ကြောင်း မသွဲ့သွဲ့ဝင်းက အခုဆိုရင် ၂၀၀၈ ခု နှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကိုဖတ်နေတယ်လို့ ပြောကြောင်း စတာေ တွဖေါ် ပြထားပါတယ် ဒီစာကိုရေးဖြစ်တာကတော့ "အခြေခံဥပဒေကိုဖတ်နေပြီ" ဆိုလို့ရေးဖြစ်တယ် ဆိုပါတော့ဗျာ။
အခြေခံဥပဒေကိုဖတ်နေတယ်ဆိုတာသိရတော့ တော်တော့ကိုလေးစားသွားပါတယ် အခြေခံဥပဒေကို နားလည်ဖို့ သိဖို့လိုတယ်ဆိုတာကို ကောင်းကောင်းကြီးသဘောပေါက်လို့ ဖတ်တယ် လေ့လာတယ်ပြောရ မှာပေါ့။

တကယ်တော့အခြေခံဥပဒေဆိုတာ အရွယ်ရောက်သူတိုင်း လူတိုင်းသိကိုသိရမဲ့အရာပါ နိုင်ငံတော်ရဲ့ ဥပဒေပြုရေး  အုပ်ချုပ်ရေး တရားစီရင်ရေး စတာတွေကို ဘယ်ပုံဘယ်နည်းဆောင်ရွက်ကြမလဲ နိုင်ငံ သူ နိုင်ငံသားများရဲ့မူလအခွင့်အရေးနဲ့ တာဝန်ကဘာတွေလဲစတာတွေကိုဖေါ်ပြထားတာမို့ လက်ခံတာ လက်မခံတာ အသာထားပြီး လူတိုင်းကို ဖတ်သင့် မှတ်သားသင့် အကြံပြု သင့် ဆွေးနွေးဝေဖန်သင့်တဲ့ အရာပေါ့ဗျာ။

ဒီလိုဖတ်သင့်ဖတ်ထိုက်တဲ့ အခြေခံဥပဒေကို တောင်သူဖြစ်တဲ့ အခြေခံပညာလောက်သာတတ်တဲ့ သူတွေတောင် လေ့လာနေပြီဆိုတော့ "ကျွန်တော်တို့နိုင်ငံရဲ့ပညာတတ်အသိုင်းအ၀ိုင်းကဖြစ်တဲ့ ဘွဲ့ရများရော ဖတ်ကြရဲ့လား" ဆိုတာခေါင်းထဲရောက်လာတာပေါဗျာ ဒီတော့အဲဒီသတင်းဖတ်နေရင်း လိုင်းပေါ်မှာရှိနေတဲ့ ဘွဲ့ရအမျိုးသမီးငယ် တစ်ဦးကိုမေးကြည့်မိပါတယ်  ပထမဦးဆုံး 

မသွဲ့သွဲ့ဝင်း မအေးနက်  Photo: Google Image
“မအေးနက် နဲ့ မသွဲ့သွဲ့ဝင်း” ကိုသိလားလို့မေးပါတယ်
“မသိဘူး”  တဲ့
“စဉ်းစားပါဦး” ဆိုပြီး ခဏကြာတော့ “သိပြီလား” ဆိုတော့
“ဟင့်အင်း” တဲ့
ဒါနဲ့ အပေါ်ကမအေးနက် မသွဲ့သွဲ့ဝင်းအကြောင်းပြော လိုက်တော့
“အော်” တဲ့
ဒါနဲ့ဆက်ပြီး
“အခြေခံဥပဒေ” ဖတ်ပြီးပြီလားဆိုတော့လည်း
“ဟင့်အင်း” တဲ့
ဒီတော့ ဟိုမှာ တောင်သူအမျိုးသ္မီးငယ်နှစ်ဦးတောင်ဖတ်နေပြီလို့ပြောတော့
“ဖတ်ပြီးသလောက်ပြောပြ” တဲ့
ဒါနဲဘဲအခြေခံဥပဒေ ဒေါင်းလုတ် လုပ်ထားတာရှာပြီး ပို့ပေးလိုက်ပါတယ်

ဒီအမျိုးသမီးကငယ်သေးပါတယ် ဒီတော့ကြီးတဲ့သူတွေတော့ဖတ်မယ်လိုစာဖတ်သူထင်ကောင်းထင်ပါမယ် မဖတ်ကြဘူးဗျ ပါတ်ဝန်းကျင်မှာလေ့လာလို့ရသလောက်ကတော့ ဖတ်တဲ့သူကပြောရမယ်ဆိုရင် ၁၀%လောက်ဘဲရှိတယ်ဗျ အတော့ကိုနည်းပါတယ် စားရေးသူဝန်းကျင်က မဖတ်တဲ့သူများလို့ ဖြစ်နိုင်ကောင်းတယ်လို့ ဆိုရင်ဆိုရပေမဲ့ စာရေးသူအထင်မတော့ တပြည်လုံးအတိုင်း အတာနဲ့ဆိုရင် ဖတ်တဲ့သူက ၁၀% အောက်လောက် ဘဲရှိမယ် ထင်နေတယ်ဗျာ မှားရင်လည်းမှားပေမပေါ့ ဒါကတော့ စာရေးသူခန့်မှန်းတာပါ တချို့ကျတော့ဖတ်ခြင်တာတောင် စာအုပ်ရှာမရတာကရှိသေးတယ်ဗျ ထုတ်တာနည်းလို့ ကုန်သွားတာလည်းဖြစ်နိုင်ပါတယ်

အခြေခံဥပဒေကိုမလေ့လာတာ မဖတ်တာနဲ့ပါတ်သက်ပြီး “ဗမာပြည်ကပညာတတ်များ” ခေါင်းစဉ်နဲ့ရေးတဲ့ အထဲမှာလည်း အနည်းအကျဉ်းထည့်ရေးခဲ့ပါသေးတယ် အဲဒီစာကတော့ ၂၀၁၀ ရွေးကောက်ပွဲမဲထည့်တာ ဘယ်ပါတီကို ဘာကြောင့်မဲထည့်တယ်ဆိုတာမေးတာကို ဘွဲ့ရပညာတတ်များဖြေတဲ့အဖြေကို အားမ ရတာ နဲ့ ရေးဖြစ်ခဲ့ တာပါ 

ဒါဆိုဘာလို့ဖတ်သင့်ဖတ်ထိုက်သူတွေတောင် ဘာလို့ဒီအခြေခံဥပဒေကိုမဖတ်ကြတာလည်းဆိုတာကမေး စရာ ဖြစ်လာပါတယ် ပြောရရင်တော့ “မလုပ် မရှုပ် မပြုတ်” ကစခဲ့တာလို့ဘဲဖြေရမှာပါ ငယ်တဲ့သူ ရာထူးနိမ့်တဲ့သူ တတ်သိတဲ့ပညာရှင်တွေရဲ့ အကြံပြုတာတွေ ဝေဖန်တာတွေကိုလက်မခံဘဲ ခိုင်းတာလုပ် ခံမပြောနဲ့ ဆိုတဲ့စနစ် ကြီးအောက်မှာ တော်လို့လည်းသူကောင်းပြုမခံရတတ်တဲ့ အပြင် ချောင်အထိုးခံရ တတ်တာတွေကြောင့် ခိုင်းမှဘဲလုပ်တတ်ကြတဲ့ သူတွေဖြစ်ကုန်ကြတော့တယ်ထင်ပါတယ် ဒါကအလုပ်ထဲ ကပေါ့လေ ကျောင်းတွေကျပြန်တော့လဲ ဆရာပေးတဲ့အတိုင်း ကျက် ဖြေ အောင် ကျွန်တော် နာမယ်မောင်ဘသင်ထားရင် အားလုံးရဲ့ကျွန်တော့နံမယ်တွေမောင်ဘပေါ့  မိန်းကလေးဆိုလဲမောင်ဘပေါ့။

ဒီလိုအလုပ်ဝန်းကျင်နဲ့ကျောင်းပညာရေးအပြင် ဥပဒေတို့ တရားစီရင်ရေးတို့ ဆိုတာတွေကလည်းအုပ်ချုပ် သူတွေရဲ့အောက်ရောက်ကုန်လေတော့ အဲဒီကာလအထဲမှာနေရတဲ့သူတွေ အခြေခံဥပဒေသိတော့ကော ဘာထူးမှာမို့လည်း အခွင့်အရေးတို့ ရပိုင်ခွင့်တွေဆိုတာတွေကလည်း ရေးထားပေမဲ့ ပေးမှရမှာ မပေးဘဲ ရရမဲ့ဟာ တွေမဟုတ်ဆိုတာတွေ ဖြစ်နေလေတော့ အခြေခံဥပဒေကိုစိတ်မ၀င်စားတာ မလေ့လာတာ အပြစ်တင်စရာ တော့မဟုတ်ပါဘူး

ဒီမိုကရေစီဆိုတာကိုတော့ လူတွေရာနှုန်းပြည့်သိမှာပါ စကားလုံးကိုပေါ့ အဓိပ္ပါယ်တိတိကျကျပြောဆို ရင် တော့ အင်း အဲ ခေါင်းကုတ် ဖင်ကုတ်ဖြစ်မယ်ထင်ပါတယ် မှတ်မိတာလေးတစ်ခုပြောပြခြင်ပါတယ် ၈၈ အရေးအခင်းကာလကပါ ဗိုလ်ချုပ်လမ်းမနဲ့ဆူးလေဆုံတဲ့နေရာမှာစာရေးသူရောက်နေပါတယ် အခု Central Hotel ရှေ့နားကနေပြီး စစ်တပ်ကဆူးလေဘုရားလမ်းဘက်ကလူအုပ်ကိုတားထားပါတယ် ဗိုလ်ချုပ်ဈေး လက်ရှိတံတားနားကနေ ဘုရားလမ်း လသာ(၁)ကျောင်း ဖက်ကလူအုပ်ကိုတားထားပါတယ် အလယ် ကတော့ ကွက်လပ်ကြီးပေါ့ဗျာ အချိန်တော့မမှတ်မိပါဘူး အဲဒီအချိန်မှာဘဲ ဒေါက်တာမောင်မောင်အစိုးရက စစ်အုပ်ချုပ်ရေးရုတ်သိမ်းကြောင်းကြေငြာလိုက်ပါတယ် ဒီတော့လူတွေက ရေဒီယိုပါတဲ့ကားတွေကနေပြီး သတင်းကိုနားထောင်ကြတာပေါ့ လမ်းမပေါ်မှာလူအုပ်တွေကိုတားထားတာတွေကိုလည်း စစ်တပ်ကဖွင့်ပေး လိုက်တော့လူတွေကစစ်သားတွေကို ပွေ့သူပွေ့နမ်းတဲ့သူကနမ်း မြှောက်တဲ့သူကမြှောက်ပေါ့ ပျော်ကြ အော်ကြ ဖြစ်နေတဲ့အချိန်စာရေးသူကလည်း ကားတစ်စီးနားကပ်ပြီးသတင်နားထောင်နေတာပါ 

အဲဒီအချိန်မှာဘဲ အသက် ၄၀ ကျော်ကျော်လောက်ရှိနေတဲ့အမျိုးသမီးတစ်ဦးက “ဒီမိုကရေစီရပြီလားဟင်” ဆိုပြီးလိုက်မေးနေတာကို တွေ့ရပါတယ် သူကြည့်ရတာစစ်အစိုးရ စစ်အုပ်ချုပ်ရေးရုတ်သိမ်းကြောင်းကြေငြာ တာကို ဒီမိုကရေစီကို ရော့ဆိုပြီးပေးလိုက်တယ်ဆိုပြီး ထင်နေပုံပါ ဒါလွန်ခဲ့တဲ့ ၂၄ နှစ်လောက်ကဆိုတော့ ခုချိန်မှာတော့ပြည်သူအများ  နားမျက်စေ့ ပိုပွင့်လာတယ်ပြောရင်ရတယ်ဆိုပေမဲ့ လိုတော့လိုနေကြဦးမှာပါ ဒီလိုရေးလို့ ဘယ်သူတွေကိုမှ ဦးတည်ပြီး ဘာသဘောနဲ့မှာပြောနေရေးနေတာမဟုတ်ပါဘူး အဖြစ်ကိုပြော ပြလိုရင်းပါ အမှောင်မှာနေတာကြာခဲ့တာကိုး။ 

ဒီမိုကရေစီဆိုတာ ကျွန်တော်တို့လူပိန်းသိသိတာကတော့ လူတွေကအုပ်ချုပ်တယ်ပေါ့ဗျာ လူတွေအများကြီး တက်အုပ်ချုပ်လို့ကဖြစ်မှမဖြစ်တာ ဒီတော့ ပြည်သူတွေကအုပ်ချုပ်မဲ့လူတွေကိုသူတို့စိတ်ကြိုက်ရွေးပေး တယ်ပေါ့ ဒီကမှတဆင့်အခြေခံဥပဒေပါပြဋ္ဌာန်းချက်တွေအရ သမ္မတို့ဝန်ကြီးချုပ်တို့ကို ဥပဒေအရရွေး ကြတယ် တင်မြောက်ကြတယ် အုပ်ချုပ်ကြတယ်ပေါ့ ဒီတော့အခြေခံဥပဒေဟာ နိုင်ငံရဲ့သွားရာ လမ်းကြောင်းမှန်ဖို့ကို အထောက်အပံ့ပေးရမှာပေါ့ ဒီမိုကရေစီကိုသွားရင် ဒါကိုအာမခံတဲ့ဥပဒေဖြစ်ရမှာပေါ့ ဒီတော့အရွယ်ရောက်ပြီး နိုင်ငံသာတိုင်း ဖတ်သင့်ဖတ်ထိုက်တာပေါ့ဗျာ။

သိရသလောက် အမေရိကန်နိုင်ငံမှာဆိုရင် Grade 8 မှာ အမေရိကန်သမိုင်းသင်တယ်လို့သိရတယ်ဗျ အဲဒီမှာ ကလေးတွေကို အခြေခံဥပဒေဆိုတာဘာလဲ ကွန်ကရက်ဆိုတာဘာလဲ ဥပဒေတွေကိုဘယ်ပြုလဲ အုပ်ချုပ်ရေးနဲ့ပါတ်သက်ပြီး သမ္မတကိုဘယ်လိုရွေးလဲ ဘယ်လိုဖယ်ရှားလို့ရသလဲဆိုတာတွေ သမ္မတဟာ တပ်မတော်ရဲ့အကြီးအကဲဆိုတာတွေ  တရားစီရင်ရေးအဖွဲကိုသမ္မတကရွေးချယ်ပြီး ဆီးနိတ်ကအတည် ပြုပေးရတယ်ဆိုတာတွေ ဘယ်လိုဖယ်ရှားလို့ရတယ်ဆိုတာတွေ ရှစ်တန်းကျောင်းသားတွေကိုသင်ပေး တယ်ဗျ သူတို့က(၁၂)တန်းစနစ်ဆိုတော့ သူတို့ရှစ်တန်းက ကျွန်တော်တို့(၁၀)တန်းစနစ် ရှစ်တန်းထက်ငယ် တာပေါ့။

ကျွန်တော်တို့နဲ့ကတော့ကွာခြင်တိုင်းကွာပေါ့ ထားတော့ပညာရေးကိစ္စ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ လူသား အရင်းအမြစ်ဖွံ့ဖြိုးရေးတို့ဆိုတာတွေကို လုပ်တဲ့သူတွေကလည်းအားသွန်ခွန်စိုက်လုပ်နေကြပါ တယ်လေးစား ဖို့ကောင်းသလို ကျေးဇူးတင်ထိုက်ပါတယ် ပြည်သူတွေကြားမှာလိုအပ်လွန်းနေတဲ့ အရာတွေပါ။

ကွှန်တော်တို့လိုသာမာန်ပြည်သူတွေအနေနဲ့ကလည်း သိတဲ့သူကိုမသိသူက ရှင်းပြ ပြောပြကြ မရှိတဲ့သူကို ရှိသူကဝေငှကြ တစ်ပိုင်တစ်နိုင်ဗဟုသုတဖလှယ်ကြဆိုတာတွေလုပ်ပေးကြရင်း ၂၀၀၈ ဖွှဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဟာဖြင့် ကွှန်တော်တို့နိုင်ငံသွားမယ်ဆိုတဲ့ ဒီမိုကရေစီလမ်းကြောင်းကိုအာမခံ မခံဆိုတာကို နားလည်သဘောပေါက်အောင်လေ့လာထားပြီး လိုအပ်လို့ ၂၀၀၈ အခြေခံဥပဒေကိုပြင်ဖို့ လိုအပ် လာရင် ထောက်ခံတာ ကန့်ကွက်တာတွေ အတွေးကြည်ကြည် အမြင်ရှင်းရှင်းနဲ့ မှန်မှန်ကန်ကန် လုပ်နိုင်အောင် ပြင်ဆင် ထားဖို့လိုတာမို့ မသွဲ့သွဲ့ဝင်းတို့ အခြေခံဥပဒေဖတ်နေတာကိုအကြောင်းပြုပြီး

“မသွဲ့သွဲ့ဝင်း မအေးနက် အခြေခံဥပဒေ နှင့် ဒီမိုကရေစီ” ဆိုတဲ့စာနဲ့အခြေခံဥပဒေဖတ်ကြဖို့နိုးဆော် ရကြောင်းပါ ။

စာရေးသူသည်သာမာန်စာဖတ်သူတစ်ဦးသာဖြစ်ပါ၍အမှားအယွင်းတစ်စုံတစ်ရာပါခဲ့ပါက စာရေးသူရဲ့ညံ့ဖျဉ်းမှုသာုဖြစ်ကြောင်းပါ”






  • ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဒေါင်းလုတ်ရန်
  • No comments: