"တိုက်ပွဲတွေရပ်ပြီး မြန်မာပြည်တစ်ဝှမ်း ငြိမ်းချမ်းပါစေ"
လာရောက်လည်ပါတ်ကြသော ဧည့်သည်များအားလုံး ရွှင်လန်းချမ်းမြေ့ပါစေ
လာရောက်လည်ပတ်သူအားလုံးကို ကျေးဇူးတင်လျှက်...မောင်ဖိုးကို

Monday, December 3, 2012

သွားနှင့်ဦးတော့ “မင်းဝင်းမြင့်အောင်” ရေ



ဒီနေ့(၀၂ ဒီဇင်ဘာ ၂၀၁၂) နေ့ အီးမေးလ်စစ်လိုက်တော့ သူငယ်ချင်းတစ်ယောက် ဆီ က မေလ်းဝင်နေတာတွေ့ လိုက်ပါတယ် “၀င်းမြင့်အောင်” ဆုံးပြီတဲ့ မအံ့သြပေမဲ့တုန်လှုပ်မိပါတယ် မအံ့သြ ဘူးဆိုတာကတော့ သူ့မှာလွန်ခဲ့တဲ့ (၉) လလောက်ကထဲက အဆုပ်ကင်ဆာရောဂါရနေတယ်ဆိုတာ သိနေလို့ပါ တုန်လှုပ်မိတာကတော့သေခြင်းတရားဆိုတာ အချိန်မရွေးရောက်လာနိုင်တယ် မထင်မှတ် ဘဲရောဂါဖြစ်နေတာသိလိုက်ရပြီး  ဘာမှမကြာလိုက်ခင် နေမယ်ဆိုနေလို့ရနိုင်တဲ့အသက်ဖြစ်ပေမဲ့လည်း ဆုံးပါးသွားတာပါဘဲ သူဟာဒီရောဂါဖြစ်မှန်းမသိမီအထိ သာမာန်လူကောင်းပါဘဲနေလို့ထိုင်လို့သိတ် မကောင်းဘူးဆိုပြီး ဆေးခန်းပြရာက သံသယရှိလို့ဆေးစစ် ရောဂါရှိမှန်းသိတော့ ဆေးတွေစား ကုထုံးတွေခံ ယူ ရောဂါဖြစ်တာသိပြီး တစ်နှစ်မပြည့်မီဆုံးပါးသွားတာပါ

သူမဆုံးမီ ပုဂ္ဂလိကကုမ္ပဏီတစ်ခုမှာအတူလုပ်ဖြစ်ကြပါသေးတယ် စင်္ကာပူကပြန်လာပြီး ၁၀၉-၁၁၀ ဖြစ်နေချိန် သူရယ် သူဆုံးသွားကြောင်းမေးလ်ပို့တဲ့သူငယ်ချင်းရယ် သူတို့နှစ်ယောက်က အလုပ်လုပ်မလား ဆိုတာနဲ့ ကိုယ့်ရိုးရာဖြစ်တဲ့အဆောက်အဦဆောက်တဲ့အလုပ်ကလည်း လုပ်ဖို့အခြေအနေမပေးတာကြောင့် သူလုပ်နေတဲ့ ကုမ္ပဏီမှာအလုပ်ဝင်လုပ်ဖြစ်ပါတယ် သိတ်မကြာပါဘူးသူအဲဒီအလုပ်ကနေ ထွက်သွားပြီး တစ်ခြားတစ်နေရာမှာ အလုပ်လုပ်နေတာကြားရပါတယ် လူခြင်းအရင်လိုသိတ်မတွေ့ဖြစ်ပေမဲ့ ဖုန်းနဲ့တော့ မကြာခဏ စကားပြောဖြစ် တယ်ဆိုပါတော့ တစ်ရက်တော့ဝန်ထမ်းဘ၀က တစ်ဋ္ဌာနထဲလုပ်ခဲ့ပြီး ပုဂ္ဂလိက ကုမ္ပဏီမှာလည်း အတူတူလုပ်နေတဲ့လုပ်ဖေါ်ကိုင်ဖက်အမျိုးသမီးတစ်ဦးက ရှင့်ဘော်ဒါကြီးတော်တော်နေ မကောင်းဖြစ်နေတယ်သိလား လို့ဆိုလာတော့ သာမာန်ဖျားနာတာလောက်ဘဲထင်ခဲ့ တာပါ ဒါပေမဲ့သူ့ဆီ ဖုန်းဆက်လိုက်တော့ “အဆုပ်ကင်ဆာသေခြာတယ်” လို့သူကိုယ်တိုင်ပြော တာကြားလိုက်ရတော့ သူတော့မပြောတတ်ဘူး ကြားရတဲ့သူတော် တုန်လှုပ်သွာပြီး သူ့ကိုဘာပြောရမှန်း မသိအောင်ကိုဖြစ်သွားပါတယ် သူကစာလေးပေးလေးတွေရေးနေတော့ နားပေါ့ ကွာ စာဖတ် စာရေးပေါ့လို့ ပြောဖြစ်ခဲ့ပါတယ်

ဒိနောက်သူ့အိမ်တစ်ခေါက်ရောက်တော့ ကင်ဆာကုထုံးကိုခံယူနေကြောင်း နေရတာကောင်းကြောင်းပြော ပါတယ် ခရီးသွားစရာရှိလို ၂၀၁၂ ခုနှစ်ဧပြီလ(၄)ရက်နေ့ကတစ်ခါ သူ့အိမ်ကိုနှုတ်ဆက် ရင်းရောက်တော့ဆေးတွေကပြင်းတယ်နဲ့တူရဲ့ လူကနည်းနည်ကျသွားတယ် ဆံပင်တွေလည်းပါးသွားတယ် ထင်မိပါတယ်  သူလည်းဆေးစား ဆေးသောက်နေကြောင်း နေရတာတော့ကောင်းကြောင်းပြောတော့ သိတ်တော့မစိုးရိမ်လှပါဘူး ဒိနောက်သူနဲ့အဆက် အသွယ်ပြတ်သွားပါတယ် ဒါပေမဲ့တစ်ခြား သူငယ်ခြင်းတွေ ဆီကတော့ သူ့သတင်းနားစွင့်လျှက်ပါ မေးလျှက်ပါ

ဒါပေမဲ့ဒီကနေ့တော့ သူကွယ်လွန်သွားခဲ့ပါပြီ သတင်းကြားတယ်ဆိုရင်ဘဲ အွန်လိုင်းပေါ်မှာရှိနေတဲ့ စင်္ကာပူ ရောက်နေတဲ့လုပ်ဖေါ်ကိုင်ဖက်အင်္ဂျင်နီယာအမျိုးသမီးငယ်ဆီကို message ပို့ဖြစ်ပါတယ် ပို့တုန်းကတော့ ဗမာပြည်ကတစ်ယောက်ဆိုပြီးပို့လိုက်တာပါ သူတိုနှစ်ယောက်နာမည်ကခပ်ဆင်ဆင် ဆိုတော့ အလောတကြီးပို့တာ နာမယ်မှားပို့မိတယ်ဆိုပါတော့ ဒါပေမဲ့သူနဲ့ကုမ္ပဏီတစ်ခုတည်း အတူတူလုပ် ခဲ့ကြပြီး သိနေတဲ့သူတွေဖြစ် နေတော့တော်သေးတာပေါ့ သူကလည်းချက်ခြင်းဖုန်ပြန်ခေါ်ပြီး စိတ် မကောင်းကြောင်း တခြားလုပ်ဖေါ်ကိုင်ဖက်တွေကိုလည်း အကြောင်းကြားမယ်ပြောပါတယ် နောက်သူ့ ကို့ သိတဲ့သူငယ်ချင်းတွေဆီ မေးလ်ပို့ပြီး အကြောင်းကြား ဖြစ်ပါတယ်

ပြောရရင်သူနဲ့ကအလုပ်ထဲရောက်မှခင်တာပါ စက်မှု(၂) ၀န်ကြီးဋ္ဌာက (၅၅) ယောက်ခေါ်တဲ့အသုတ်မှာ ၀န်ထမ်း ရွေးချယ်လေ့ကျင့်ရေးစာမေးပွဲကိုအတူတူအောင်ပြီး လျှပ်စစ်ဓါတ်အားကောင်ပိုရေးရှင်းရောက်တဲ့ (၁၂)ရောက်ထင်ရဲ့ အဲဒီအထဲမှာအတူတူပါလာကြတယ်ဆိုပါတော့ ဋ္ဌာနရာက်ခါစ တာဝန်တွေမခွဲမီရုံးချုပ် မှာနေနေကြရင်း သွားလိုက်လာလိုက်စာလိုက်သောက်လိုက်နဲ့ခင်သွားကြတာပါ နောက်သက်ဆိုင်ရာစီမံ ကိန်းတွေရောက်သွားကြပေမဲ့လည်း ရန်ကုန်ရုံးချုပ်မှာဆုံကြတဲ့အခါတိုင်း ငယ်ကြသေးတော့ သောက် လိုက် စားလိုက် ပျော်လိုက် ပါးလိုက် ကြပေါ့လေ ပြောလေ့ ရှိတဲ့စကား မှတ်မိပါသေးတယ် “ရွှင် ပျော် မြူး” ဆိုတာပေါ့

နောက်သူနဲ့ပါတ်သက်ပြီးမှတ်မိနေတာကတော့ သောက်ကြ စားကြပြီးအပြန် လမ်းမှာ ဆေးလိပ် ကွမ်းယာ ၀ယ်ကြလို့အကြွေမရှိလို့သူ့ဆီကတောင်းရင် ၅ ကျပ်တန် အလုံးလေးတွေထုတ်ပေးတတ်တာပါဘဲ (အဲ ဒီခောတ်က ၅ ကျပ်တန်ကအသုံးဝင်ပါသေးတယ်) ၅ ကျပ်တန်တွေ ဘယ်အချိန်မှာဘာကြောင့်လုံးတယ့်ဆို တာ မေးမယ်မေးမယ်နဲ့ ခုထိမမေးဖြစ်ခဲ့ပါဘူး

ဒီ (၁၂) ယောက်ထဲကဘဲ နိုင်ငံခြား(နော်ဝေး)ကိုပညာတော်သင် သူအရင်ဆုံးသွားရတာဖြစ်ပြီး ပညာရပ် ဆိုင်ရာ လေ့လာအားကောင်းလှတဲ့သူပါ ပညာမာနလည်းအလွန်ကြီးတဲ့သူပါ တစ်ခါ တစ်ခါ ပညာနဲ့ပါတ် သက်ရင် မထင်ရင်မထင်သလိုပြောတတ်လို့ ဘေးကမြင်ရကြားရတာ အားနာလို့ မကြာခဏ သူ့ကို သတိပေးခဲ့ရပါတယ် သီချင်းအဆိုလည်းဝါသနာပါပြီး ဂီတကိုသေသေခြာခြာခံစားပြီးအဓိပါယ်သိသိ နားထောင်တတ်တဲ့သူပါ

အီးပီးစီရောက်စကထည်းက တစ်နေ့ကျရင်ပညာရပ်ဆိုင်ရာစာတွေရေးမယ်ဆိုပြီး ရှေ့ကပညာရပ်ဆိုင်ရာ စာပေ ရေးခဲ့တဲ့ပုဂ္ဂိုလ်ကြီးတွေကိုညွှန်းပြီးမကြာခဏပြောလေ့ရှိသူ တကယ်လည်း အလုပ်ကနှုတ်ထွက်ပြီး အပြင်ကုမ္ပဏီလုပ်နေစဉ် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းထုတ်တဲ့ Tech Digest Magazine နဲ့အခြားပြင်ပမဂ္ဂဇင်း တစ်ချို့မှာပါ စာရေးဖြစ်ခဲ့သူပါ သူ့ဆန္ဒဖြစ်တဲ့တစ်နေ့ကျ စာတွေရေးမယ်ဆိုတာ ကိုအားကျတဲ့စိတ်က စာရေးသူရဲ့ စားရေးလိုစိတ်ကို တစ်စိတ်တစ်ပိုင်း အနေနဲ့တွန်းအားဖြစ်ခဲ့တာမို့လည်း ခုလိုစာတွေရေးဖြစ်ခဲ့တာအမှန်ပါ ဒါပေမဲ့သူ့လိုတော့ ဖြစ်ဖြစ်မြောက်မြေက်မဟုတ်ပါဘူး ဘယ်မဂ္ဂဇင်း မှာမှလည်းစာမရေးဖူးပါဘူး ရေးဖြစ်တာလည်းသူ့ ထက် နောက်ကျပါတယ် ကိုယ့်ဘလော့မှာ ဘဲရေးဖြစ်တာ ပါ တစ်ရက်ရက်တော့သူ့ကိုတော့ လှမ်းဆက် သွယ်ပြီးဘလော့ကို ၀င်ကြည့်ဖို့ဖိတ်မယ် စိတ်ကူး ထားပေမဲ့ ဘလော့ကလည်းအသားမကျသေးသမို့ မဖိတ်ဖြစ်သေးခင်မှာဘဲသူကွယ်လွန်သွားခဲ့ တာပါ 

ရေးအားလျှပ်စစ်အကောင်အထည်ဖေါ်ရေးဋ္ဌာန ရေအားလျှပ်စစ်ဦးစီးဋ္ဌာနတွေမှာနှစ်ပေါင်း ၃၀ နီးပါးအလုပ် လုပ် ခဲ့ပြီး လေ့လာအားကောင်းကောင်း စိတ်ဝင်စားမှုအပြည့် နဲ့လုပ်ခဲ့ပြီးပင်ကိုလည်းတော်တဲ့ သူမို့ ရေးအားလျှပ်စစ်နဲ့ပါတ်သက်ပြီးထဲထဲဝင်ဝင်သိသူမို့ ရေးအားလျှပ်စစ်နဲ့ပါတ်သက်ရင်အားကိုးရသူပါ ဋ္ဌာနမှာဆက်နေရင် အလားအလာ အများကြီးရှိနေပေမဲ့ ယုံကြည်ချက် ရပ်တည်ချက်တွေအရ ဋ္ဌာက ထွက်လာခဲ့သူပါ ဋ္ဌာနကမထွက်မီ စာရေးသူကိုတိုင်ပင်တော့ အသက်တွေလည်းရလာပြီ အတွေ့အကြုံတွေလည်းများနေပြီ နောက်ကိုယ့်အ ကြောင်းကိုယ်သာ သိကြသမို့ ထူးထူးထွေထွေတော့ အကြံမပေးလိုကြောင်း နိုင်ငံခြားထွက် အလုပ်လုပ်ဖို့ ဆိုတာကလည်း ဒီအရွယ် ဒီရာထူးရောက်ပြီး ထိုက်တန်တဲ့ အလုပ်ရဖို့ကတော့မလွယ်လှကြောင်း ရတဲ့အလုပ်လုပ်ဖို့တော့ကလည်း လုပ်နိုင်မယ်မ ထင်ကြောင်း စားရေးသူပြည်ပထွက်လုပ်ခဲ့တာက ရာထူးကလည်းငယ်း  အရွယ်ကလည်းငယ်သေးသမို့ ပြဿနာကြီးကြီးမားမားမရှိခဲ့ကြောင်း လုပ်လိုတဲ့ဆန္ဓလုံးဝမရှိတော့ဘူးဆိုရင်တော့ထွက်တာ အကောင်း ဆုံးပဲဆိုတာကို ပြောပြဖြစ်ခဲ့ပါတယ် နောက်ဆုံးသူထွက်ခဲ့ပါတယ် ဒီတော့လည်း ကိုယ့်ယုံကြည်ချက် ရပ်တည်ချက် အပေါ်ခိုင်ခိုင်မာမာ ရပ်တည်ခဲ့တဲ့အပေါ်လေးစားဂုဏ် ယူကြောင်း ယောင်ဝါးဝါးနဲ့တောင် လိုလို မြောက်လိုလို လုပ်နေတဲ့သူတွေ ဟိုကပ်ဒီကပ်လုပ်တတ်တဲ့ သူတွေထက် အမှားအယွင်းတွေ ကြီးကြီးမားမား လုပ်ခဲ့ပေမဲ့ ကိုယ့်ယုံကြည်ချက် အပေါ်မှာခိုင်ခိုင်မာမာရပ်တည်ရင်း တောထဲတောင်ထဲမှာ ဖြစ်သလို ဆုံးပါးသွားခဲ့တဲ့ သခင်သန်းထွန်းလိုလူက ပိုလေးစားစရာဖြစ်ကြောင်းပြောပြခဲ့ပါတယ်  သူကတော့ အင်းလည်းမလုပ် အဲလည်းမလုပ်ခဲ့ပါဘူး
 
သူဟာစာပေဂီတကိုလည်းမြတ်နိုးသူမို့ စာအုပ်တွေစာတမ်းတွေ သီချင်းတွေ စုဆောင်းထားသူ မကြာခဏ လည်း ရန်ကုန်စာအုပ်အဟောင်းဆိုင်တွေမှာ လိုအပ်တဲ့စာအုပ်တွေကိုမွှေနှောက်ရှာဖွေပြီး ၀ယ်ယူစုဆောင်း တတ်သူပါ ကွန်ပြူတာကိုကျွန်းကျွမ်းကျင်ကျင် မသုံးတတ်သော်လည်း အင်တာနက်က လိုအပ်တဲ့ အထောက်အထားတွေ ရှာဖွေစုဆောင်းပြီး စာရေးတတ်သူ ရသမျှကိုးကားစာအုပ်တွေ စာတမ်းတွေ အမြောက်အများကို အပိုဟာ့ဒစ်မှာ စုဆောင်သိမ်းဆည်းထားသူ တစ်ခြားနိုင်ငံရဲ့ အခြေခံ ဥပဒေတောင် ၀ယ်ယူဖတ်ရှုတတ်သူပါ

အဲသူ့ရဲ့အားနည်းချက်ကတော့ ဆေးလိပ်အလွန်အကျွံသောက်သုံးတာပါဘဲ သူမကွယ်လွန်မီက မကြာခဏ ဆိုသလို သူဆေးလိပ်သောက်ခြင်ပြီဆိုရင် ရုံးခေါင်မိုးထပ်တက်ပြီးဝန်ထမ်းတွေထမင်းစားတဲ့အခန်းရှေ့က ကွက်လပ်မှာစာရေးသူနဲ့အတူသွားသွားပြီး သူဆေးလိပ်သောက်တိုင်း မကြာခဏပြောတဲ့စကားတစ်ခွန်းရှိပါ တယ် အတိုင်ပင်ခံအင်ယာအဖွဲ့က ဥရောပသားအဖိုးကြီးတစ်ယောက်ရှိကြောင်း သူနဲ့အရမ်းခင်ကြောင်း သူ့လိုဘဲ ဆေးလိပ်အရမ်းကြိုက်ကြောင်း ဆုံးပါးသွားပြီဖြစ်ကြောင်းပါ အဲလိုပြောတိုင်းစာရေးသူက သူ့ကို ဆေးလိပ်လျှော့သောက်ဖို့ပြောတိုင်းသူမငြင်းခဲ့ပေမဲ့ ဆေးလိပ်ကို တော့ပုံမှန်သောက်ဆက်သောက် တာပါဘဲ 

ခုတော့သူကွယ်လွန်သွားခဲ့ပါပြီ နေမယ်ဆိုရင် နောက်အနှစ် (၂၀) လောက်နေရဦးမယ့်အရွယ်ပါ အများက တော့ ဆေးလိပ်ကြောင့်လို့ဘဲပြောကြမှာပါ သူကလည်းဆေးလိပ်တော့အင်မတန်ကြိုက်တာကိုး တစ်ချို့လည်း ဆေးလိပ်တွေဘယ်လောက်သောက်သောက် အသက်ရှစ်ဆယ်ကျော်နေပြီးမှ ကွယ်လွန် သွားကြ တာတွေလည်းရှိပါတယ် သူနဲ့ RIT တစ်နှစ်ထဲကျောင်းအတူဝင် မဟုတ်ပေ မဲ့ ကျောင်အတူပြီးတဲ့ သူ့အရင်လေး ငါးနှစ်ကရုတ်တရက်ဆုံးပါးသွားတဲ့သူငယ်ချင်း ကျတော့သောက် တတ် သူမို့တစ်ချို့ ကသောက်လို့ဆုံးသွားတယ်ထင်ကြတာ ပေါ့ ဒါပေမဲ့ရင်းနှီးသူတွေ ကတော့ သူသွေးပြစ်တယ် ဆိုတာ သိနေတော့ ဆုံးမဲ့ညကသာသောက်ခဲ့ရင် အဲလိုရုတ် တရက်မဆုံးလောက်ဘူး လို့ပြောဖြစ်နေကြတယ် အခုသူဆုံးတော့လည်း သောက်ရတဲ့ဆေးတွေပြင်း သမို့ ဆေးကြောင့်များ လားပေါ့ ဆေးမသောက် ဘဲနေရင် ဒိထက်နှစ်ကြာကြာနေရနိုင်မလားဆိုတာ ကိုတွေးကြည့်မိ နေပါတယ် တတ်ကျွမ်းနားလည်ကြတဲ့ ဆရာဝန်တွေကိုစော်ကားတာတော့မဟုတ်ပါဘူး လူပြိန်းတွေး တွေးကြည့်တာပါ 

တစ်ခါတစ်ခါကျတော့လည်း ခောတ်ပေါ်ဆေးတွေနဲ့ဆေးပညာကို မယုံမရဲဖြစ်မိတာတော့အမှန်ပါဘဲ တစ်ခါက စာရေးသူမိခင်ဖြစ်သူရဲ့ရင်သားမှာအနာတစ်ခုပေါက်ပါတယ် ဆရာဝန်ပြတော့ခွဲစိတ်ရမယ် မရရင် ဖြတ်ထုတ်ရမယ်တဲ့ မိခင်လည်းဖြစ်ခြင်တာဖြစ်မလုပ်ဘူးပေါ့ နောက်ဆုံးမတော့ ဗမာဆရာ တစ်ယောက်နဲ့ ကုပြီးငွေလည်းဘာမှမကုန်ကျဘဲပျောက်သွားပြီး ခုထိ ကျန်းကျန်းမာမာ မြေးမြစ်တွေနဲ့ ရှိနေဆဲပါ ဒါဘာကိုမှ ရည်ရွယ်ပြောတာ မဟုတ်ပါဘူးအဖြစ်ကိုပြောယုံသက်သက်ပါ ခောတ်ပေါ်ဆေးတွေ နဲ့ပျောက်ကင်း သွား ကြတာလည်းအများကြီးပါ 

ထားတော့ သတ္တ၀ါတစ်ခုကံတစ်ခုပေါ့လေ မီးစာကုန်ဆီခမ်းပြီးဆုံးပါးသွားကြတာရှိသလို မီးစာမကုန် ဆီမခမ်းခင် ဘဲလည်းကွယ်လွန်သွားတတ်ကြတာဘဲလေ “မင်းဝင်းမြင့်အောင်”သူကတော့ရှေ့ကသွားနှင့် ပါပြီ လူတိုင်းသွား ရမဲ့လမ်းမို့ နောက်အနှေးနဲ့အမြန် လိုက်ကြရဖို့ဘဲရှိပါတယ် 

ဒီတော့ “သွားနှင့်ဦးတော့ - မင်းဝင်းမြင့်အောင်” ရေလို့ဘဲဆိုခြင်ပါတယ်။







1 comment:

Unknown said...

အန်ကယ်ရေးတဲ့စာလေးဖတ်ပြီး အရင်တုန်းက ပုဂလိကကုမဏီမှာ တူတူလုပ်ခဲ့စဉ်က အကြောင်းလေးတွေကို ပြန်သတိရမိတယ် သမီးမှာ သွားလေသူရဲ့ ဌာနမှာလုပ်ချင်လို့ ကြိုးစားခဲ့တဲ့အချိန်လေးတွေကိုပေါ့ ပြီးတော့ မျက်မှန်တက်ရတဲ့ သမီးကို သွားလေသူက မျက်စိကြည်ချင်ရင်မနက်တိုင်း ရေသန့်နဲ့ဘယ်လိုသစ်ရတယ်ဆိုပြီး သင်ပေးခဲ့တာလေးတွေကို အခုတလော မနက်မျက်နှာသစ်တိုင်း ပြန်သတိရမိတယ်။ အန်ကယ်ပြောခဲ့သလိုပဲ လူတိုင်းကဒီလမ်းကို နောက်ဆုံးမှာလျှောက်ကြရမှာပါ အခုရှေ့ကသွားနှင့်တဲ့ သမီးတို့အန်ကယ်ကြီးဦးမင်း ကောင်းရာသုပတိလားပါစေ သမီးဆုတောင်းပေးလိုက်ပါတယ်။